ပြည်ပရောက်မြန်မာလုပ်သားများ၏ လစာငွေများကို တရားမဝင်ဟွန်ဒီဖြင့် လွှဲပြောင်းထုတ်ပေးသူ(၂၀)ဦးကို အရေးယူထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်
ယွန်း (NSS) - ဇန်နဝါရီ ၁၃
ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံ(၃)ခုရှိ မြန်မာအလုပ်သမားများ၏ လစာငွေများကို တရားမဝင်ဟွန်ဒီဖြင့် လွှဲပြောင်းထုတ်ပေးသူ(၂၀)ဦးကို အရေးယူထားကြောင်း ဗဟိုဘဏ်က ယမန်နေ့(ဇန်နဝါရီလ ၁၂ ရက်)က အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သံသယဖြစ်ဖွယ်ငွေလွှဲ၊ ငွေလဲလှယ်သည့်လုပ်ငန်းလုပ်ကိုင်သူ (၉၉)ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူပုဂ္ဂိုလ်(၂၀)ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမှုဖွင့်အရေးယူခံရသူများတွင် တရားဝင်လုပ်ငန်းလိုင် စင်ရယူထားခြင်းမရှိဘဲ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် မလေးရှားနိုင်ငံများရှိ မြန်မာအလုပ်သမားလစာငွေများအား တရားမဝင်လွှဲပြောင်းထုတ်ပေးသူ (၉)ဦးပါဝင်ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ကုန်ပစ္စည်းဝယ်ယူခြင်းများအတွက် တရားမဝင် ငွေလွှဲပြောင်းပေးချေပေးသူ (၃) ဦးနှင့် နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေသို့ လဲလှယ်ပြီး ပြည်တွင်း၌ ငွေလွှဲပြောင်းထုတ်ပေးသူ (၈) ဦး စုစုပေါင်း(၂၀)ဦးပါဝင်ပြီး သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ထောင်ဒဏ်နှင့် ငွေဒဏ်များ အမိန့်ချမှတ် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။
ဗဟိုဘဏ်သည် တရားမဝင်ဟွန်ဒီလုပ်ငန်းများ လျော့ နည်းပပျောက်စေရေးအတွက် တရားဝင် ငွေလွှဲလုပ်ငန်းများဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်းအရ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ကိုစိစစ်၍ ထုတ်ပေးလျက်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၉)ရက်အထိ စုစုပေါင်းကုမ္ပဏီ (၁၄)ခုကို လိုင်စင်ချထားပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လိုင်စင်လျှောက်ထားလာသည့် ကုမ္ပဏီများအား လိုင်စင်ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များနှင့်အညီ စိစစ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တရားမဝင်ဟွန်ဒီ လုပ်ငန်းဆောင်ရွက်နေမှုများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး စုံစမ်းစစ်ဆေးဖော်ထုတ်ခြင်းနှင့် သက်ဆိုင် ရာဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းရဲတပ်ဖွဲ့ဆေးရုံမှာ ဆက်လက်နေထိုင်ကုသခွင့်ပေးဖို့ ထိုင်းအကျဉ်းဦးစီးဌာနခွင့်ပြု
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း