ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်ရရှိပါက (၁)နှစ်အလုပ်လုပ်ခွင့်ပေးမည်ဟုဆို
ယွန်း (NSS) - အောက်တိုဘာ ၂၄
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားပြီး ခွင့်ပြုချက်ရရှိပါက (၁)နှစ်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေးကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက အသိပေးထားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအစိုးရအဖွဲ့ ၏ စက်တင်ဘာ(၂၄)ရက်တွင် ထုတ်ပြန်ခဲ့သော အတည်ပြုဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အောက်တိုဘာ(၂၃)ရက်တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုဆုံးဖြတ်ချက်တွင် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားဖြစ်စေ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးမှ သက်တမ်းကုန်သွားသူများဖြစ်စေ၊ တရားဝင် ဝင်ရောက်လာခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ တရားမဝင်အလုပ်လုပ်ကိုင်နေသူဖြစ်စေ ထိုင်းနိုင်ငံတွင် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထိုသို့လျှောက်ထားပြီး ခွင့်ပြုချက်ရရှိပြီးပါက ထိုင်းနိုင်ငံအတွင်း၌ (၁)နှစ်နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် MOU လုပ်သား များကဲ့သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ်(သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်ထားသည့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသားအလုပ်သမားများကို ဆက်လက်၍ (၂)နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင် ခွင့် လျှောက်ထားနိုင်ပြီး စုစုပေါင်း(၄)နှစ် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ထပ်မံဖြည့်စွက်သော စီမံချက်အနေဖြင့် အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ်ရှာဖွေနိုင်သည့် အချိန်ကာလကိုလည်း ယခင်က ရက်(၃၀) သတ်မှတ်ထားရာမှ ရက်ပေါင်း(၆၀) တိုးမြှင့်သတ်မှတ်ပေးခြင်းအပြင် အလုပ်ရှင်အသစ်ထပ်တိုးခြင်း သို့မဟုတ် အလုပ်ရှင်အသစ်ပြောင်းခြင်းကိုသာ ဖြည့်စွက်ရန်နှင့် အလုပ်ခန့်ထားမှုဆိုင်ရာ အချက် အလက်များကို မှတ်ပုံတင် အရာရှိထံသို့ တင်ပြခြင်းကိုလည်း ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် MOU သက်တမ်းကုန်နေသော မြန်မာလုပ်သားများအနေဖြင့် မိမိ၏နိုင်ငံကူးလက်မှတ်တွင် သက်တမ်းအနည်းဆုံး (၂)နှစ်ခန့်ကျန်ရှိရေး၊ CI စာအုပ်ကိုင်ဆောင်ထားသူများအနေဖြင့်လည်း သက်တမ်း(၂)နှစ်ခန့် ကျန်ရှိစေရေးပြုလုပ်ထားရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ဆိုထားသည်။ နိုင်ငံကူးလက်မှတ်အသစ်များ လဲလှယ်ခြင်းကို မြန်မာသံရုံး (ဘန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့၌ ဆောင်ရွက်ပေးလျက်ရှိပြီး သက်တမ်းကုန် / သက်တမ်းမပြည့်မီသော CI စာအုပ်အဟောင်းများအား CI စာအုပ်အသစ်လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ်ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်လျက်ရှိသောကြောင့် လဲလှယ်ရမည့်နေရာအား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
RELATED POSTS
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း