လက်နက်ကိုင်အဖွဲ့ဝင်များ၏ ဘာသာတရားအပေါ်အကြမ်းဖက်မှုများသည် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကားသောလုပ်ရပ်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
ကျော်(NSS) - ဇန်နဝါရီ ၁၁
MNDAA၊ TNLA၊ AA လက်နက်ကိုင်အဖွဲ့ဝင်များ၏ ဘာသာ တရားအပေါ်အကြမ်းဖက်မှုများသည် ကမ္ဘာပေါ်ရှိဗုဒ္ဓဘာသာဝင်များအားလုံးကို စော်ကားသောလုပ်ရပ်ဖြစ်သည်ဟု နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) က ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေး ရွာ(မြောက်ဘက်)၊ ဆင်ဦးကင်းကုန်း(ပွိုင့်-၂၂၀၂)တောင်ပေါ်ရှိ စေတီတစ်ဆူအား ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်က MNDAA အ ဖွဲ့ဝင်တစ်ဦးမှ တူဖြင့်ရိုက်ကာဖျက်ဆီးနေခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
MNDAA ကိုးကန့်အကြမ်းဖက်များသည် မြန်မာနိုင်ငံတွင်နေထိုင်ကာ မြန်မာ့ရေကိုသောက်ပြီး မြန်မာနိုင်ငံကိုမှီခို၍ အသက်မွေး ဝမ်းကျောင်းပြုလုပ်ကြသော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ဘုရားစေတီတော်အား မိုက်ရိုင်းစော်ကားဖျက်ဆီးခဲ့ကြသည်ဟု ပြောသည်။
မြန်မာနိုင်ငံရှိ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်၊ ကမ္ဘာတွင် လူဦးရေ သန်းငါးရာကျော်ကိုးကွယ်သည့် ဗုဒ္ဓဘာသာကို ရိုင်းစိုင်းစော်ကားဖျက်ဆီးသောလုပ်ရပ်ဖြစ်သည်ဟု ပြောသည်။
"ဒီ ဘုရားစေတီဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းက ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမနဲ့အညီ ဗုဒ္ဓမြတ်စွာဘုရားကိုယ်စား ကိုးကွယ်မှုပြုတဲ့ ဥဒ္ဒိဿစေတီတော်ဖြစ်ပါတယ်။ ဒီလိုရိုင်းစိုင်း ယုတ်မာတဲ့ဖြစ်ရပ်ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်မကောင်းဖြစ်ရပါတယ် ။ ဝမ်းနည်းကြေကွဲရပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ လုပ်ရပ်သည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကိုသာမက ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ တိဘက်ဒေသ၊ ယူနန်ဒေသစသည့် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်များအားလုံးကို စော်ကားလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
MNDAA ၊ TNLA ၊ AA အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်ကလည်း Drone ယာဥ်အသုံးပြု၍ မူဆယ်မြို့အဝင် ရပ်တော်မူဘုရား ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းကပြောသည်။
ထို့ကြောင့် အကြမ်းဖက်အဖွဲ့ဝင်များ၏ ယုတ်မာသည့်လုပ်ရပ်အား ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးသိမြင်၍ ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာလျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်ရန်စီစဉ်နေ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း