မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါအလုံးစုံပျောက်ကင်းရန် ကနဦးအနေဖြင့် ရောဂါဖြစ်ပွားသည့်လူနာ လျှော့ချခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နေ
ကျော်(NSS) - ဒီဇင်ဘာ ၂၈
၂၀၃၀ ပြည့်နှစ်တွင် မျှော်မှန်းထားသည့် ငှက်ဖျားရောဂါကူးစက်မှုပပျောက်စေရေးရည်မှန်းချက် အောင်မြင်နိုင်ရေးအတွက် ကနဦးအနေဖြင့် ရောဂါဖြစ်ပွားသည့် လူနာများလျှော့ချခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်နေကြောင်း ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းမှ သိရသည်။
"ငှက်ဖျားရောဂါက တခြားရောဂါတွေလို အစုလိုက်အပြုံလိုက်ဖြစ်တာမဟုတ်တဲ့အတွက် ကုသရတာလွယ်ပါတယ်။ နောက်ပြီး အခုကျွန်မတို့ကျန်းမာရေးဝန်ထမ်းတွေကို ငှက်ဖျားရောဂါနဲ့ပတ်သက်ပြီး စစ်ဆေးကုသရမယ့် အခြေအ နေတွေနဲ့ပတ်သက်လို့ သင်တန်းတွေပြန်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါအလုံးစုံပျောက်ကင်းဖို့ အတွက် ကနဦးအနေနဲ့ ရောဂါဖြစ်တဲ့လူနာ လျှော့ချတဲ့ လုပ်ငန်းတွေကိုစပြီးလုပ်ကိုင် နေပါတယ်" ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လေးထောင့်ကန်တိုက်နယ်ဆေးရုံ၏ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်တင်မာ မြင့်က ပြောသည်။
လက်ရှိအချိန်၌ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်၌ ငှက်ဖျားရောဂါကူးစက်မှု ပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများအား ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းအဆင့်ဆင့်၊ ကုသရေးလုပ်ငန်းအဆင့်ဆင့်တို့အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
"သင်တန်းမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဆေးရုံကိုဖျားလို့လာပြတဲ့လူတွေရှိရင် သွေးဖောက်ပြီး ငှက်ဖျားရောဂါရှိ/မရှိ စစ်ဆေးဖို့သင်ကြားပေးတယ်။ အကယ်၍ ငှက်ဖျားရောဂါရှိရင် လူနာက ဘယ်ကနေလာတာလဲ။ ဘယ်တွေကိုခရီးထွက်ခဲ့လဲဆိုတာတွေကိုမေးပြီးမှတ်တမ်းလုပ်ရမယ်။ အဲဒါတွေပြီးတာနဲ့ ကုသမှုတွေလုပ်ပေးရမယ်။ သက်ဆိုင်ရာ မြို့နယ်/ခရိုင်/တိုင်းကျန်းမာရေးဌာနတွေကို ၂၄ နာရီအတွင်း အကြောင်းကြားရပါတယ်"ဟု ဒေါ်တင်မာမြင့်က ပြောသည်။
ထိုသို့ ငှက်ဖျားရောဂါပိုးရှိသူတွေ့လာပါက ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်း အဆင့်ဆင့်အားဆောင်ရွက်ပြီးလျှင် ကုသမှုလုပ်ငန်းများဆောင်ရွက်ပြီး လူနာအား သက်ဆိုင်ရာ ငှက်ဖျားရောဂါနှင့် ပတ်သက်သည့် သောက်ဆေးအားတိုက်ကျွေးရာတွင်လည်း အမြဲမပြတ်စောင့်ကြည့်မှုများပြုလုပ်ရကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းကလည်း ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါကူးစက်မှု ပပျောက်စေရေးအတွက် ပြည်သူများပူးပေါင်းပါဝင်မှုသည် အရေးကြီးသည်ဟု ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့တွင် ကားတစ်စီးက ဆိုင်ကယ်အားဝင်တိုက်ပြီးမောင်းနှင်ထွက်ပြေးသွားမှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ