ကာကွယ်ဆေးများကို ဘဏ္ဍာငွေအများအပြား သုံးစွဲဝယ်ယူရ၍ ပျက်စီးဆုံးရှုံးမှုနှင့် လေလွင့်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန် တိုက်တွန်း
မျိုးကြီး (NSS) - ဒီဇင်ဘာ ၂၇
ကာကွယ်ဆေးများကို ဘဏ္ဍာငွေအများအပြား သုံးစွဲဝယ်ယူရသည့်အတွက် ပျက်စီးဆုံးရှုံးမှု နှင့် လေလွင့်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက တိုက်တွန်းထားသည်။
ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေး သိုလှောင် အအေးခန်းသို့သွားရောက်စစ်ဆေးစဉ် သက်ဆိုင်ရာတာဝန်ရှိသူများကို အထက်ပါကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်မှ ကာကွယ်ဆေးများဝယ်ယူရန် ဘဏ္ဍာငွေအမြောက်အများ စိုက်ထုတ်သုံးစွဲထားရသည့်အတွက် ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ လေလွင့်မှုမရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကာကွယ် ဆေးလိုအပ်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီတွက်ချက်၍ ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်သွားရန် ဝန်ကြီးက ပြောသည်။
ကာကွယ်ဆေးထိုးနှံသူများ၏ ပေါ့ဆမှုနှင့် ကာကွယ်ဆေးသယ်ဆောင်ရာတွင် လမ်းခရီးအခက်အခဲများကြောင့် လေလွင့်ဆုံးရှုံးမှုဖြစ်စဉ်အချို့ရှိကြောင်း သိရသည်။
“ကာကွယ်ဆေးက ဒီအတိုင်းထားလို့မရဘူး။ သာမန်အပူချိန်မှာပေါ့။ ကာကွယ်ဆေးသိုလှောင်ခန်းတွေ ဘာတွေ ရှိတယ်။ သူက အပူချိန်တစ်ခုမှာ ထိန်းသိမ်းထားရတာ ရှိတယ်။ ကာကွယ်ဆေးအမျိုးအစားပေါ မူတည်ပြီးတော့ ထိန်းသိမ်းတဲ့ အပူချိန်ကတော့ မတူဘူးပေါ့။နောက်တစ်ခုက ကာကွယ်ဆေးကို သယ်ယူပို့ဆောင်တဲ့နေရာမှာ Main Store ကနေ ကျေးလက်ကျန်းမာရေးဌာနအထိ၊ ဆေးထိုးမယ့်နေရာအထိ သယ်တဲ့လမ်းကြောင်းတစ်လျှောက်မှာ ပျက်စီးမှုမရှိအောင် သယ်ဆောင်ရာတာတွေရှိတယ်။ နောက်တစ်ခုက ထိုးတဲ့သူတွေရဲ့ တစ်ချို့ပေါ့ဆမှုလေးတွေ ကြောင့် ပျက်စီးရတာရှိတယ်။ ဥပမာ (၅)ယောက်လာမှ တစ်လုံးဖောက်ရမယ့်ဟာကို (၄)ယောက်နဲ့ ဖောက်လိုက်လို့ တစ်လုံးစာကုန်သွားတာတွေ ဒီလိုလေးတွေတော့ ရှိတာပေါ့” ဟု အပူပိုင်းဆေးပညာအထူးကု ဆရာဝန် ဒေါက်တာပြည့်ထူးက သုံးသပ်ပြောကြားသည်။
ကာကွယ်ဆေးများနှင့်ပတ်သက်သောအသုံးစရိတ်သည် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုလုံး အသုံးစရိတ်၏ ၂ဝ ရာခိုင်နှုန်း/ ၃ဝ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ပြောဆိုမှုများ ရှိနေသည်။
ယခု ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ် (၈၁၄)ဘီလျံကျော် သုံးစွဲသွားရန် လျားထားသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများနှင့်ပတ်သက်၍ ထုတ်လုပ်နိုင်မှု နည်းပါးနေသေးသည့်အတွက် ပြည်ပမှ ဝယ်ယူ သုံးစွဲရသည့်ကာကွယ်ဆေးများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဒေါက်တာပြည့်ထူးက အကြံပြုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲသပိတ်မှောက်ရန် အတိုက်ခံအုပ်စုများကြိုးပမ်းနေချိန်တွင် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ