နေရပ်စွန့်ခွာသူများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးခြင်းသည် ဒေသတွင်းရှိလက်နက်ကိုင်ပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်ဟုဆို
ယွန်း (NSS) - ဒီဇင်ဘာ ၁၉
နေရပ်စွန့်ခွာသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းသည် ဒေသတွင်းရှိလက်နက်ကိုင်ပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်ကြောင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌက ပြော သည်။
ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး ထွန်းထွန်းနောင်က ဒီဇင်ဘာလ (၁၈)ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကော်မတီအနေဖြင့် ပြီးခဲ့သည့် ဧပြီလ(၇)ရက်မှ နိုဝင်ဘာ(၃၀)ရက်အထိ (၈)လနီးပါး အတွင်း အိမ်ထောင်စု(၆၂၄၆)စု၊ လူဦးရေ(၂၄၃၇၀) တို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး ယာယီခိုလှုံရေးစခန်း/စုရပ်(၉၀)ကိုလည်း ပိတ်သိမ်းနိုင်ခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ထိုသို့ နေရပ်စွန့်ခွာသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းကြောင့် ၎င်းတို့၏လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးလာနိုင်ပြီး ဒေသတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများလျော့နည်းပပျောက်စေနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထားသည်။
ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာ၌ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်မှုများကို အဆုံးသတ်စေနိုင်မည့် နယ်မြေ၊ တည်တံ့ခိုင်မြဲသောနယ်မြေ အေးချမ်းမှုအမြန်ရရှိရေးကို ဦးတည်ဆောင်ရွက်ရန် ၎င်းက အကြံပြုပြောကြားထားသည်။
အလားတူ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ လှူဒါန်းမှုများနှင့် ကူညီပံ့ပိုးမှုများကို စနစ်တကျစီမံခန့်ခွဲ၍ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မ တီများအားလုံး ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တိုက်တွန်းပြောကြားထားသည်။
ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေသည် (၂ ဒသမ ၆)သန်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ဖြစ်ပွားခဲ့သည့်တိုက် ပွဲများကြောင့် လူပေါင်း(၅)သိန်းကျော်နေရပ်စွန့်ခွာခဲ့ရပြီး ရှမ်း၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကရင်၊ မွန် နှင့် တနင်္သာရီတို့တွင် နေရပ်စွန့်ခွာသူဦးရေများပြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကားအင်ဂျင်ခန်းမှမီးစလောင်၍ Express ကားတစ်စီးလုံးပျက်စီးဆုံးရှုံးခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း