(၃)နှစ်ကြာ ရပ်နားထားသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ယနေ့ စတင်ကျင်းပ
Pearl (NSS) - အောက်တိုဘာ ၁၅
(၃)နှစ်ကြာ ရပ်နားထားသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ယနေ့ (အောက်တိုဘာလ ၁၅ ရက်)တွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။
ယနေ့ (သီတင်းကျွတ်လဆန်း၁ရက်)(အောက်တိုဘာလ ၁၅ ရက်) ၊ နံနက်ပိုင်းတွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် ရတနာစံကျောင်းတော်ကြီးမှ အင်းတိန်းကျေးရွာ မူလစံကျောင်းသို့ ကြွချီခဲ့ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် မူလစံကျောင်း သို့ ဒေသစာရီ စတင်လှည့်လည် ကြွချီအပူဇော်ခံစဉ် ရပ်ဝေးရှိ ဧည့်သည်များနှင့် မူလစံကျောင်းတော်ရှိ တောင်ရိုး၊ ဓနု၊ အင်း၊ ပအို့ စသည့်တိုင်းရင်းသားများမှ စည်ကားသိုက်မြိုက်စွာ ဖူးမြှော်ခဲ့ကြောင်း သိရသည်။
"အင်းအနောက်ဘက်ကို အရင်ကြွတာပေါ့။ အင်းအနောက်ဘက်ကနေ တောက်လျောက် ပတ်လာပြီးကာမှ ညောင်ရွှေမြို့ကနေပြီးမှ အင်းအရှေ့ဘက်ကို ပြန်ပတ်တာ။ နောက်ဆုံး သီတင်းကျွတ်လပြည့်ကျော်(၃)ရက်မှပြန်လည်ရောက်ရှိမှာပေါ့။ အားလုံး (၁၈)ရက်ကြာမယ်ဗျ။ ဒေသစာရီ အပူဇော်ခံတာက (၂၁)ဌာနပါ"ဟု ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံ ပညာရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် သီတင်းကျွတ်လဆန်း(၁)ရက်(အောက်တိုဘာလ ၁၅ ရက်)မှစ၍ သီတင်းကျွတ်လပြည့်ကျော်(၃)ရက် (နိုဝင်ဘာလ ၁ ရက်)အထိ (၁၈)ရက်ကြာ အင်းလေးဒေသ (၂၁)ဌာနသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် အောက်တိုဘာလ (၂၁)ရက်မှ (၂၃)ရက်အထိ ညောင်ရွှေမြို့သို့ ကြွချီအပူဇော်ခံမည်ဖြစ်ပြီး လှေပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
" ဒီနေ့ကြွလာတဲ့ ရောက်တဲ့ဘက်ဆိုရင် ဘီလူးချောင်းဘက်က ထွက်လာတဲ့ရေကို ဆန်တတ်ရတာပေါ့။ ဆန်တတ်ရတယ်ဆိုတော့ ရေတတ်ကာမှ ဘုရားကြွဖို့အဆင်ပြေမှာလေ။ ရေက ဒီနှစ်မှာ အရင်တုန်းက စံချိန်ထက်ကို ကျော်လွန်ပြီးတော့ အင်းလေးရေပြင်က ရေတွေမြင့်တတ်လာတယ်ပေါ့။ ဒါလေးက ထူးခြားချက်လေးတစ်ခုဖြစ်တယ်"ဟု အထက်ပါ တာဝန်ရှိသူမှ ဆက်လက်ပြောသည်။
ပြိုင်ပွဲများတွင် အင်းသားရိုးရာအမျိုးသား ရာကျော်လှေပြိုင်ပွဲ၊ အမျိုးသားလေးကျိပ်ခြောက်လှေပြိုင်ပွဲ၊ အမျိုးသမီးနှစ်ကျိပ်ခြောက်လှေပြိုင်ပွဲ နှင့် အမျိုးသားတစ်ဦးချင်းလှေပြိုင်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာလမ်းပေါ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း