ပဲခူးမြို့၌ရေကြီးရေလျှံမှုကြောင့် လူဦးရေ(၅၆၀၀)ကျော်ကို ကယ်ဆယ်ရေးစခန်း(၂၂)ခုသို့ ပြောင်းရွှေ့ပို့ဆောင်ထားပြီး မြစ်ရေကြီးမှု စံချိန်သစ်တင်ခဲ့ဟုဆို
မြူနစ် (NSS) - အောက်တိုဘာ ၈
ပဲခူးမြို့၌ ရေကြီးရေလျှံနေမှုကြောင့် လူဦးရေ (၅၆၀၀)ကျော်ကို ကယ်ဆယ်ရေးစခန်း (၂၂)ခုသို့ ပြောင်းရွှေ့ပို့ဆောင်ပေးထားကြောင်း ပဲခူးတိုင်းအစိုးရ အဖွဲ့ပြောခွင့်ရ၊ ဝန်ကြီးဦတင်ဦးက NSS ကိုပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုများကြောင့် ပဲခူးမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
“မိုးကအဆက်မပြတ် နေ့ညရွာသွန်းတယ်။ ကျွန်တော်တို့ ပဲခူးရဲ့မြစ်ရေက စိုးရိမ်ရေအမှတ်က ၈၈၀ ပေါ့။ အခုနေ့ခင်း တိုင်းထွာချက်အရ ၉၆၀ ထိရောက်သွားတာပေါ့။ စိုးရိမ်ရေအမှတ်ကျော်သွားတာပေါ့”ဟု ပဲခူးတိုင်းအစိုးရအဖွဲ့ပြောခွင့်ရ၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြောသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုသည် ပဲခူးမြို့ပေါ်ရှိ ကလျာဏီရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်၊ ရွာသစ်ရပ်ကွက်အပါအဝင် ရပ်ကွက်ပေါင်း (၁၂)ခုနှင့် ကျေးရွာ(၃)ရွာတွင် ဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ပြောသည်။
“ဒီမနက်မှာ ရပ်ကွက်(၁၂)ခု၊ ကျေးရွာ(၃)ခုပေါ့ အိမ်ထောင်စုကတော့ ၁၂၆၁ စု၊ လူဦးရေကတော့ ၅၆၄၈ ဦးကို ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဓမ္မာရုံတွေမှာဖွင့်ထားတဲ့ စောင့်ရှောက်ရေးစခန်း (၂၂)ခုမှာ ရွှေ့ပြောင်းထားရတယ်”ဟု ဝန်ကြီးဦးတင်ဦး ထပ်မံပြောသည်။
ပဲခူမြို့ မြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၈၈၀ စင်တီမီတာဖြစ်ပြီး ယခင်က အမြင့်ဆုံးစံချိန်အဖြစ် ၉၆၀ စင်တီမီတာအထိ တက်ခဲ့ဖူးသော်လည်း ယနေ့ (အောက်တိုဘာလ ၈ ရက်) ညနေပိုင်းတွင် ၉၇၀ စင်တီမီတာအထိ မြစ်ရေမြင့်တက်လာကာ စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါရေဘေးရှောင်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးအတွက် ပဲခူးတိုင်းအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာစေတနာရှင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပဲခူးမြို့အဝင် ကလိရွာအနီးရှိ မီးရထားသံလမ်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် ရထားခရီးစဉ်အား ယာယီရပ်တန့်ကာ မော်လမြိုင်၊ မန္တလေးတို့ဘက်မှ လိုက်ပါလာသည့်ခရီးသည်များကို Express ကား(၅)စီးဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ပဲခူးအဝင် ကလိမှာ မီးရထားလမ်းပေါ်မှာ နည်းနည်းရေကျော်နေပါတယ်။ မော်လမြိုင်တို့၊ မန္တလေးတို့ဘက်က လာတဲ့ ရထားခရီးသည်တွေ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ဝန်ကြီးချုပ်ကြီးကိုယ်တိုင် ဦးဆောင်ပြီးတော့ express ကား (၅)စီးနဲ့ ရန်ကုန်မြို့ကို သယ်ယူပို့ဆောင်ပေးနေပါတယ်။ ခရီးသည်က ၃၀၀ ကျော်လောက်ရှိပါတယ်။ ရန်ကုန်မြို့ထဲအထိ ပို့ပေးပါတယ်”ဟု ပဲခူးတိုင်းအစိုးရအဖွဲ့ပြောခွင့်ရက ထပ်မံပြောသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း ပဲခူးမြို့၊ မိုင်တိုင်အမှတ်(၃၉)မီနီတိုးဂိတ်အနီး ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကာ လမ်းအသုံးပြုသည့် ယာဉ်များအနေဖြင့် သတိထားသွားလာရလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ မွန်ပြည်နယ်ရှိ ကျိုက်ထိုမြို့နယ်၊ မန္တလေးတိုင်းအတွင်းရှိ ပြင်လွင်ဦးမြို့နယ်များတွင်လည်း မိုးသည်းထန်စွာရွာသွန်မှုများနှင့်အတူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဉ်နှင့်ပတ်သက်၍ မိုးစေတနာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက “အခုကတော့ ရေကကျသွားပြီ။ ရေတွေကတော့ အပေါ်ဘက်ရေကျရင် အောက်ဘက်ရွာတွေကတော့ ရေတက်တာဘာညာတော့ရှိတာပေါ့။ ရွာတွေထဲမှာပေါ့ ရွှေ့ပြောင်းရတာမရှိသေးဘူး။ ချင်းကုန်းရွာချောင်းနားမှာရှိတဲ့ အိမ်ထောင်စု လေးကို နည်းနည်းလေးရွှေ့ပြောင်းပေးလိုက်ပါတယ်။ ကြီးကြီးမားမားဖြစ်တာတော့ မရှိသေးပါဘူး” NSS ကို ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံ၏ အချမ်းသာဆုံးကုမ္ပဏီများစာရင်းကို ကမ္ဘာကျော် Forbes မဂ္ဂဇင်း ဖော်ပြ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း