မြိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုများဖြစ်ပွားခဲ့ရာ နေအိမ်နှင့် လူထိခိုက်မှုများရှိခဲ့
သန့်ဇင်(NSS) - စက်တင်ဘာ ၂၈
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် တောင်ပေါ်မှမြေပြိုကျခဲ့ရာ လူနေအိမ်နှင့် လူထိခိုက်မှုများရှိခဲ့ပြီး ရပ်ကွက်အချို့၌ ရေကြီးရေလျံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြိုမှုသည် ယနေ့(စက်တင်ဘာလ ၂၈ ရက်)၊ နံနက် ၈နာရီ ၄၀မိနစ်တွင် မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ပုလဲသွယ်ရပ်ရှိ ကျွဲကူးလမ်းမကြီးအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ကျွဲကူးလမ်းမကြီးအနီးရှိ ကျောက်ညီနောင်တောင်၏ အနီးနားရှိ လူနေအိမ်များ ပျက်စီးခဲ့ပြီး လူထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။
“မြေပြိုပြီးလူထိခိုက်မှုကတော့ (၃)ယောက်လို့သိရတယ်။ လူနေအိမ်(၃)လုံးနဲ့ ဆိုင်ကယ်တစ်စီးလဲ မြေပြိုတဲ့အထဲ ပါသွားတယ်။ ခုလက်ရှိကတော့ အဲဒီလောက်ပဲသိရသေးတယ်။ ရေကြီးတာတွေတော့ရှိနေသေးတယ်”ဟု မြို့ပြအနာဂါတ်လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မြေပြိုမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို သစ္စာမေတ္တာနာရေးကူညီမှုအသင်းမှ မြိတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျွဲကူးကျေးရွာရှိ ရွှေပြည်သာရပ်ကွက်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ခုလက်ရှိ ရွှေပြည်သာရပ်ကွက်ဘက်မှာက ရေဝင်ရောက်မှုတွေရှိနေသေးတယ်။ ရေကအရမ်းမများပေမဲ့ ဒူးကျော်ကျော်လောက်မှာရှိတယ်။ ကြံတောလမ်းမကြီးဘက်မှာတော့ မနက်ကရေလျံပြီး ခုတော့ရေကျသွားပါပြီ”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ကျွဲကူးလမ်းမကြီးတွင်ရေလျံမှုများဖြစ်ပေါ်လျက်ရှိပြီး ရပ်ကွက်အချို့၌လည်း ရေဝင်ရောက်မှုများကြောင့် ကူညီကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ ထိုင်ဝမ်က ပထမဆုံးပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း