အစားအသောက်၊ ဆေးပစ္စည်းကိရိယာနှင့် အလှကုန်ပစ္စည်းတို့နှင့်သက်ဆိုင်သည့် ဥပဒေများအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေဟုဆို
ယွန်း (NSS) - စက်တင်ဘာ ၂၆
အစားအသောက်ဥပဒေ အပါအဝင် ဆေးပစ္စည်းကိရိယာ ဥပဒေနှင့် အလှကုန်ပစ္စည်းဥပဒေ (မူကြမ်း)များကို ရေးဆွဲထားပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို ဆက်လက်ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးက အသိပေးပြောကြားထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြီးခဲ့သည့် စက်တင်ဘာလ(၂၄)ရက်တွင် မဟာအောင်မြေမြို့ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေးရုံးခွဲသစ်)ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်မှ အထူးအားပေးဆောင်ရွက်နေသည့် MSMEs ကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်သာမက အာဆီယံသဘောတူညီချက်များနှင့် လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံ၏လိုအပ်ချက်များနှင့် ကိုက်ညီသည့် အမျိုးသားအစားအ သောက်ဥပဒေ၊ ဆေးပစ္စည်းကိရိယာဥပဒေနှင့် အလှကုန်ပစ္စည်းဥပဒေ(မူကြမ်း)များကို ရေးဆွဲထားပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။
ပြည်သူများ နေ့စဥ်သုံးစွဲလျက်ရှိသည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့် ဆေးပစ္စည်းမျာ၏ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။
သို့ဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ဆေးပစ္စည်းကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများကို စနစ်တကျနှင့် ပိုမိုထိရောက်စွာဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေးရုံးခွဲသစ်)သည် စီမံကိန်းခွင့်ပြုတန်ဖိုးကျပ် သန်းပေါင်း (၈၁၃ ဒသမ ၈၇၁)သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါရုံးခွဲသစ်တွင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်/လူသုံးကုန်တို့အတွက် ခေတ်မီဓာတ်ခွဲခန်းများ၊ ရုံးခန်းများ၊ E-Submission စနစ်ဆောင်ရွက်သည့် Infrastructure များပါဝင်သော (၆)ထပ်ရုံးအဆောက်အအုံ(၁)လုံးအပြင် ဝန်ထမ်းများအတွက် (၆)ခန်းတွဲ (၆)ထပ်ဝန်ထမ်းအိမ်ရာ(၁)လုံးကိုလည်း ခွင့်ပြုငွေကျပ်သန်းပေါင်း (၁၅၀၀)သန်းဖြင့် တည်ဆောက်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအုပ်စုက အာဆီယံအဖွဲ့ကို ပြိုကွဲသွားအောင်လုပ်ဆောင်ဖို့ လိုလားနေကြောင်း ရုရှားအစိုးရ သတိပေး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ