မြန်မာလုပ်သားများ၏လုပ်ငန်းခွင်ပြဿနာကို တာဝန်ယူစေလွှတ်လိုက်သည့် အေဂျင်စီများအနေဖြင့် ရက်ပေါင်း ၃၀ အတွင်းသွားရောက်ဖြေရှင်းပေးရန် ညွှန်ကြား
ရဲပြည့်(NSS) - ဩဂုတ် ၃ဝ
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် စေလွှတ်လိုက်သည့် အလုပ်သမားများနှင့်ပတ် သက်သည့် ပြဿနာများကို ရက်ပေါင်း ၃၀ အတွင်း သွားရောက်ဖြေရှင်းပေးရမည်ဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ဩဂုတ်လ ၂၉ ရက်တွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲချုပ် (MOEAF)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အေဂျင်စီများအနေဖြင့် သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များတွင် အလုပ်ရှင်၊ အလုပ်သမားမပြေလည်မှု၊ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုဖြစ်စဉ်များ၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ပြဿနာများအား ရက်ပေါင်း ၃ဝ အတွင်း သွားရောက်ဖြေရှင်းပေးရမည်ဖြစ်ကြောင်း သိရသည်။
အေဂျင်စီများအနေဖြင့် စာချုပ်ချုပ်ဆိုပြီးသည့် အလုပ်သမားများအား ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ရန်လိုအပ်ပြီး သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှုမရှိလျှင် အလုပ်သမားများ၏ တိုင်ကြားမှုများဖြစ်ပေါ်လာနိုင်သဖြင့် အေဂျင်စီများက အလေးထားဆောင်ရွက်စေလိုကြောင်း၎င်းက ပြောသည်။
ထို့ပြင် MoU မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပိုငွေကိစ္စနှင့် ပတ်သက်၍ ငွေလွှဲအများစုအား နှစ်နိုင်ငံဘဏ်များမှတစ်ဆင့် စနစ်တကျစီးဆင်းစေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အလုပ်သမားရေးရာကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့သတင်းပို့၍ အချိန်နှင့်တပြေးညီ အလုပ်သမားသံအရာရှိများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်နှင့် စေလွှတ်သည့်အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်အထိ တာဝန်အပြည့်အဝရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပြည်တွင်း၌ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီသည် ဩဂုတ် ၂၃ ရက်အထိ စုစုပေါင်း ၄၅၇ ခု နှင့် ထိုင်းလိုင်စင်ရအေဂျင်စီ ၁၅၀ ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြေပြင်တိုက်ပွဲမှာ အောင်မြင်မှုမရတဲ့အတွက် ယူကရိန်းသမ္မတ ဇီလန်စကီး စစ်အာဏာသိမ်းခံရဖွယ်ရှိနေဟုဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း