အောက်တိုဘာလအစောပိုင်းတွင် မြန်မာတစ်နိုင်ငံလုံးမှ မုတ်သုံထွက်ခွာနိုင်သော်လည်း မိုးရွာသွန်းမှုများဆက်လက်ဖြစ်ပေါ်နိုင်ဟု မိုးဇလခန့်မှန်း
ယွန်း (NSS)- သြဂုတ် ၂၈
လာမည့် စက်တင်ဘာလ(၁၂)ရက်မှစတင်ကာ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ထွက်ခွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(သြဂုတ်လ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ပြင် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ(၁၂)ရက်မှ (၁၈)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှလည်းကောင်း၊ စက်တင်ဘာလ(၁၉)ရက်မှ (၂၅)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း ထွက်ခွာသွားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရဿည်။
အဆိုပါအနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ(၂၆)ရက်နှင့် အောက်တိုဘာလ(၁)ရက်များတွင် မြစ်ဝကျွန်းပေါ်ဒေသမျာမှ ဆုတ်ခွာသွားနိုင်ပြီး မြန်မာတစ်နိုင်ငံမှ မုတ်သုံလေထွက်ခွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။
ထိုသို့ မုတ်သုံလေဆုတ်ခွာသွားသော်လည်း အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများနှင့် မုန်တိုင်းအကြွင်း အကျန်များကြောင့် မိုးရွာသွန်းမှုများဆက်လက်ရှိနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။
"မုတ်သုံဆုတ်သွားလို့ မိုးကတော့ဆုတ်သွားမှာမဟုတ်ဘူး၊။ အကြောင်းအမျိုးမျိုးကြောင့် မိုးရွာသွန်းမှုကတော့ရှိဦးမယ်။ ပြီးရင် မိုးနှောင်းကာလမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေကြောင့်လည်း မိုးကတော့ရွာနိုင်တဲ့အခြေအနေရှိတယ်။ ဒါပေမယ့် မုတ်သုံမိုးနဲ့တော့မတူဘူး တစ်ခါတစ်လေ မုန်တိုင်းမိုးကြောင့်ရွာတဲ့မိုးတွေဆိုတော့ သည်းထန်တာလည်းရှိမယ်"ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကိုပြောသည်။
ထို့ပြင် လာမည့် စက်တင်ဘာလအတွင်း နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အယ်လ်နီညိုရာသီဥတုသည် အားအသင့်အတင့်မှ အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါရာသီဥတုသည် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမရှိသေးသော်လည်း လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အကျိုးသက်ရောက်မှု အနည်းငယ်ရှိလာနိုင်ကြောင်း ဦးလှထွန်းမှ သုံးသပ်ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ အမျိုးသား(၄)ဦး တစ်ရက်တည်းအတွင်း သတ်ဖြတ်ခံရ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း