မန္တလေး၌ အမျိုးသား(၄)ဦး တစ်ရက်တည်းအတွင်း သတ်ဖြတ်ခံရ
NSS - ဩဂုတ် ၂၈
မန္တလေးတိုင်းတွင် တစ်ရက်အတွင်း ဒေသခံအမျိုးသား(၄)ဦးကို PDF အဖွဲ့က သေနတ်၊ ဓားတို့ဖြင့် အကြောင်းမဲ့ ထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၆ ရက်၊ မွန်းလွဲ ၁၂နာရီအချိန်တွင် မတ္တရာမြို့နယ်၊ ဝန်တင်ကုန်းကျေးရွာအနီး ဆည်တော်ကြီးကျေးရွာသွား ကားလမ်းအနောက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝန်တင်ကုန်းကျေးရွာတွင်နေထိုင်သည့် သေဆုံးသူအမျိုးသားသည် ၎င်း၏မိဘများရှိရာ ရေနံ့သာကျေးရွာသို့ သွားစဉ် PDF အကြမ်းဖက်အဖွဲ့က အထက်ပါနေရာတွင် ဓား၊ သေနတ်တို့ဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် ဝန်တင်ကုန်းကျေးရွာတွင်နေထိုင်သည့် ဦးနေထက်လင်း(၂၉)နှစ်တွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဦးခေါင်းကျဉ်ဖောက်ဝင်ဒဏ်ရာ(၂)ချက်တို့ဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အလားတူ မွန်းလွဲ ၂နာရီ ၂၅မိနစ် အချိန်တွင် မတ္တရာမြို့နယ်၊ ဈေးဟောင်းကျေးရွာတွင် နေထိုင်သည့် ရာအိမ်မှုးတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဈေးဟောင်းကျေးရွာတွင်နေထိုင်သည့် ရာအိမ်မှူး ဦးဘိုဌေးသည် ၎င်း၏နေအိမ်အရှေ့၌ ထိုင်နေစဉ် ပြည်ပုံကျေးရွာဘက်မှ လမ်းလျှောက်လာသည့် PDF အဖွဲ့ (၃)ဦးက နေအိမ်အတွင်းဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ဈေးသစ်ကျေးရွာဘက်သို့ ထွက်ပြေးသွာခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူး ဦးဘိုဌေး(၆၄)နှစ်၏ ဦးခေါင်း၊ ရင်ဘက်နှင့် ဝဲလက် မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်းလွဲ ၂ နာရီ ၅၀မိနစ်အချိန်တွင် နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-မလှိုင်သွားကားလမ်း အောင်သာကုန်းကျေးရွာနှင့် အောင်ပန်းကုန်းကျေးရွာကြားတွင် အမျိုးသား(၂)ဦးသတ်ဖြတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အောင်ပန်းကုန်းကျေးရွာနေထိုင်သူများဖြစ်ကြသည့် သေဆုံးသူအမျိုးသား(၂)ဦးသည် နွားထိုးကြီးမြို့မှဈေးဝယ်ပြီး အောင်ပန်းကုန်းကျေးရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် PDF အဖွဲ့က “ဒလန်”ဟုစွပ်စွဲပြောဆိုကာ ရိုက်နှက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရိုက်နှက်ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် မောင်ဝေလင်းဦး(၂၀)နှစ်နှင့် မောင်ခန့်ကိုကိုအောင်(၂၅) နှစ်တို့၏ ဦးခေါင်း၊ မျက်နှာ၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီ၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းပြည်သူများကို ရာထူးမှ ထွက်တော့မည့် ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာ နှုတ်ဆက်စကားပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း