လက်ကျန်စားအုန်းဆီတန်ချိန် ၂၇ဝဝ ကျော်ကို ဒိုင်ဈေးဖြင့် ရောင်းချရန်စီစဉ်မှု တိကျရှင်းလင်းမှုမရှိ
NSS - ဩဂုတ် ၂၈
ယနေ့ (ဩဂုတ်လ ၂၈ ရက်)မှစတင်ကာ စားအုန်းဆီ တင်သွင်းရောင်းချသည့်ကုမ္ပဏီများက ပြည်တွင်းရှိလက်ကျန်ဆီ တန်ချိန်(၂၇၀၀)ကျော် (ပိဿာချိန် ၁.၇ သန်း)ကို ထုတ်ရောင်းမည်ဟု ထုတ်ပြန်ထားသော်လည်း ဝယ်ယူနိုင်မည့်အစီအစဉ်ကို တိကျစွာ မသိရှိရကြောင်း ဈေးကွက်အတွင်းမှသိရသည်။
စားအုန်းဆီတင်သွင်းရောင်းချနေသည့် ကုမ္ပဏီများက ပြည်တွင်း၌ တင်းသွင်းပြီးရောင်းချရန် လက်ကျန်ရှိနေသည့်စားအုန်းဆီများကို တစ်ပိသာ ၄၅၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချမည်ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဩဂုတ်လ၂၈ရက်၊ ၂၉ရက်၊ ၃၀ရက်တို့တွင် လက်ကျန်စားအုန်းဆီများကို ဘုရင့်နောင်ပွဲရုံနှင့် ညောင်ပင်လေးဈေးရှိ စားအုန်းဆီဒိုင်ပွဲရုံများတွင်ရောင်းချမည်ဟု ထုတ်ပြန်ထားသော်လည်း အမှန်တကယ်မြေပြင်တွင်ဝယ်ယူရန် သတင်းအတိအကျထုတ်ပြန်ခြင်းမရှိပေ။
NSS မှ ဘုရင့်နောင်ပွဲရုံဝန်းအတွင်းမြေပြင်သွားရောက်သတင်းရယူမှုအရ ဟင်္သာညီနောင်ပွဲရုံ တစ်ခုတည်းကသာ ဆီတစ်ပေပါဈေး တစ်ပိသာ ၄၃၀၀ ကျပ် နှင့် ဆယ်ဂါလံပုံးတစ်ပုံးဈေး တစ်ပိသာ ၄၄၀၀ ကျပ်ဖြင့် ရောင်းချနေပြီး ကျန်စားအုန်းဆီပွဲရုံနှင့်ဒိုင်များတွင် ရောင်းချမှုမရှိကြောင်း စုံစမ်းသိရှိရသည်။
“စနေနေ့က အစည်းအဝေးပွဲမှာ တင်သွင်းတဲ့ကုမ္ပဏီတွေက ရောင်းချနိုင်တဲ့ ပမာဏကိုကြေညာပြီး ပြန်သွားကြတာ။ အသေးစိတ်ဘယ်ပွဲရုံ ဘယ်ဆိုင်ဆိုတာ မပြောသွားဘူး”ဟု ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှုးဖြစ်သူ ဦးပိုင်ဖြိုးသန့်အား NSS တွေ့ဆုံမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးနှင့်လုပ်ငန်းကိစ္စများရှိနေခြင်းကြောင့် တွေ့ဆုံခွင့်မရနိုင်ကြောင်းပြန်လည်ပြောကြားခဲ့သည်။
ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကရောင်းချပေးသော စားအုန်းဆီ တစ်ပိဿာရည်ညွန်းဈေးသည် ၄၅၀၀ ကျပ်ဝန်းကျင်သာပေါက်ဈေး ရှိသော်လည်း ဘုရင့်နောင်နှင့်ညောင်ပင်လေးဈေးရှိ ဒိုင်များတွင် လက်ကားဈေး တစ်ပိဿာ ၈၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး ထပ်ဝက်နီးပါးကွာခြားနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ဩဂုတ်လ ၂၈ ရက်မှ ၃ဝ ရက်အထိ ၃ရက်စာ တန်ချိန်၂၇၈၃.၄တန်(ပေပါအားဖြင့် ၁၅၄၉၅ ပေပါ) ပိဿာအားဖြင့် ၁,၇၀၄,၅၂၆ ပိဿာကို တနင်္လာနေ့မှစတင်ရောင်းချ ပေးသွားမည်ဟုထုတ်ပြန်ထားသော်လည်း ပြည်သူများအနေဖြင့်ဝယ်ယူရန် တိတိကျကျ မသိရှိရခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂ္ဂလိကကျောင်းများ၌ နိုင်ငံတော်အလံ အလေးပြုခြင်း ရှိ၊ မရှိအပါအဝင် သတင်းအချက်အလက်များကို ကွင်းဆင်းစစ်ဆေးရန် အဖွဲ့(၂)ဖွဲ့ကို နစက ဖွဲ့စည်းထား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း