ဝေဖန်မှုများ မြင့်တက်ခဲ့သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ဘုရားဖူးဝင်ကြေးနှုန်းထားများကို နစက ပြန်လည်ပြင်ဆင်
မျိုးကြီး (NSS) - သြဂုတ် ၁၆
ဝေဖန်မှုများ မြင့်တက်ခဲ့သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ဘုရားဖူးဝင်ကြေးနှုန်းထားများကို နစကမှ ယနေ့(သြဂုတ်လ ၁၆ရက်)၊ နံနက်ပိုင်းတွင် ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်သည်။
လက်ရှိတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများအနေဖြင့် သြဂုတ်လ ၁၉ ရက်အထိ အခမဲ့လာရောက်ဖူးမြော်နိုင်ကြောင်း နစကမှ ထပ်မံကြေညာထားသည်။
သို့သော် သြဂုတ်လ ၂၀ ရက်နှင့်နောက်ပိုင်းတွင် ဘုရားဖူးပြည်သူများအား ရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်ရာတွင် ကုသိုလ်တော်အဖြစ် ပါဝင်နိုင်ရေး သတ်မှတ်ငွေကြေးနှုန်းထားများ ကောက်ခံသွားမည်ဟု နစကမှ အသိပေးထားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အား ဝင်ရောက်ဖူးမြော်ခွင့်အတွက် ကလေး/လူကြီးတစ်ဦးလျှင် (၁၀၀၀)ကျပ်သတ်မှတ်ထားပြီး အပျော်ရိုက်ကင်မရာ(ဖုန်း/ကင်မရာ)ယူဆောင်ခွင့်အတွက် ငွေကျပ် (၅၀၀၀)နှုန်းဖြစ်ကြောင်း နစကသည် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုသို့ သတ်မှတ်ခဲ့မှုအပေါ် ပြည်သူအများစုက ဝေဖန်နေလျက်ရှိပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်နိုင်ရန် လူတစ်ဦးလျှင် အနည်းဆုံး ဖုန်းတစ်လုံးပါလာနိုင်သည့်အတွက် သတ်မှတ်ဝင်ကြေးနှုန်းအရ တစ်ဦးလျှင် (၆၀၀၀)ကျပ်အထိ ကုန်ကျနိုင်ကြောင်း သိရသည်။
အဆိုပါသတ်မှတ်နှုန်းထားများနှင့်ပတ်သက်၍ ပြည်သူများသည် လူမှုကွန်ယက်စာမျက်နှာ၌ ဝေဖန်ပြစ်တင်မှုများရှိခဲ့ပြီး ယနေ့တွင် နစကဘက်က နှုန်းထားများကို ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့သည်။
ယနေ့ ပြန်လည်ပြင်ဆင်လိုက်သည့် ဝင်ကြေးနှုန်းထားသည် ကလေး/လူကြီးတစ်လျှင် (၁၀၀၀)ကျပ်သတ်မှတ်ထားပြီး ဖုန်းသယ်ဆောင်ခွင့်ပါရရှိမည်ဖြစ်ကြောင်း ယူဆရသည်။
ထို့ပြင် အပျော်ရိုက်ကင်မရာအတွက် (၅၀၀၀)ကျပ်နှုန်းသတ်မှတ်ထားပြီး အလှဓါတ်ပုံရိုက်/Video များအတွက် (၅၀၀၀၀) ကျပ်နှုန်း သတ်မှတ်ထားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ခွင့်အတွက် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၁၀)ဒေါ်လာအဖြစ် နစကမှ သတ်မှတ်ထားပြီး လူ(၄)ယောက်စီး Buggy တစ်စီးအတွက် (၁)နာရီလျှင် (၁၀၀၀၀)ကျပ်နှုန်း သတ်မှတ်ထားသည်။
ထို့ပြင် ယာဉ်ဝင်ခွင့်အတွက် တစ်စီးလျှင် (၂၀၀၀၀)ကျပ်နှုန်းသတ်မှတ်ထားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အား အနေကဇာတင်ခြင်း၊ ကျောက်စာရုံစေတီများအား ထီးတော်တင်လှူခြင်းအခမ်းအနားများ ကို ပြီးခဲ့သော သြဂုတ်လ ၁ ရက်တွင် ကျင်းပခဲ့ပြီးနောက် သြဂုတ်လ ၈ ရက်တွင် ပြည်သူများအား စတင်ဖူးမြော်ခွင့်ပြုခဲ့သည်။
စကျင်ကျောက်ဖြင့် ထွင်းထုပူဇော်သည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တပ်ချုပ် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ဘုရားဒါယကာအဖြစ် ခံယူကာ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း