စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ပြည်သူများကို ဘားနှင့်နိုက်ကလပ်များတွင် အချိန်မဖြုန်းမတီးစေလိုကြောင်း ယူကရိန်းသမ္မတပြော
Pika (NSS) - ဩဂုတ် ၁၅
ရှေ့တန်းစစ်မြေပြင်တွင် ယူကရိန်းစစ်သားများက ၎င်းတို့၏အသက်များကို စွန့်စားကာ တိုက်ခိုက်နေချိန်တွင် ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်မှုများကို ပြသသင့်ကြောင်း ယူကရိန်းမ္မတဇီလန်စကီးက ပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းနိုင်ငံသားများသည် စစ်ပွဲဖြစ်ပွားနေချိန်တွင် ပျော်ပါးနေခြင်းမျိုးဖြင့် ၎င်းတို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အခြားနိုင်ငံတစ်နိုင်ငံက သိမ်းယူသွားမည်ကို ခွင့်မပြုသင့်ကြောင်း ဇီလန်စကီးက ထပ်မံပြောဆိုခဲ့သည်။ ၎င်းက"ယူကရိန်းနိုင်ငံမှာ စစ်ပွဲဖြစ်ပွားနေတာပါ။ ပြည်သူတွေဟာ ရှေ့တန်းမှာတိုက်ခိုက်နေတဲ့ စစ်သားတွေကို ကူညီပေးသင့်ပါတယ်။ ဘားတွေ၊ နိုက်ကလပ်သွားတာမျိုးတွေကို မလုပ်ဘဲ ရှေ့တန်းမှာရှိနေတဲ့ စစ်သားတွေကို အခြားနည်းလမ်းတွေနဲ့ ကူညီပေးသင့်ပါတယ်။ ရုရှားကို အနိုင်ယူခြင်းက ယူကရိန်းနိုင်ငံရဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပြီး စစ်သားတွေဟာ ပြည်သူတွေရဲ့ထောက်ခံ မှုကို ခံစားရဖို့ ထိုက်တန်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ စိတ်ခံစားမှုတွေ၊ စွမ်းအင်တွေအားလုံးဟာ တိုက်ပွဲအတွက်ပဲရှိနေသင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။
ဇီလန်စကီးသည် ဒွန်းညက်စ်ဒေသတွင်ရှိသော ယူကရိန်းရှေ့တန်းနေရာများသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရှေ့တန်းနေရာများသို့သွားရောက်လည်ပတ်သည့်အချိန်အတွင်း တပ်မှူးများကို စီမံခန့်ခွဲမှုပိုမိုကောင်းမွန်လာစေရန် နှင့် ၎င်းတို့၏တပ်သားများအား မည်ကဲ့သို့လှုံ့ဆော်မှုပေးသင့်သည်ဆိုသည့်အချက်များအပါအဝင် အရေးကြီးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရုရှားနှင့်စစ်ပွဲစတင်ဖြစ်ပွားခဲ့သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတည်းက ယူကရိန်းသည် စစ်သားသစ်စုဆောင်းမှုများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်ဇွန်လနှောင်းပိုင်းတွင် ရုရှားကိုတန်ပြန်ထိုးစစ်ဆင်မှုများ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါအချက်ကြောင့် ယူကရိန်းဒေသအချို့ရှိ စစ်သားစုဆောင်းရေးဌာနများသည် တစ်ဦးချင်းဆင့်ခေါ်စာပေးပို့မှုများကို ရပ်ဆိုင်းခဲ့ပြီး စစ်မှုထမ်းနိုင်သည့် အသက်အရွယ်ရှိသောလူအားလုံးကို စစ်မှုထမ်းရန်အတွက် အစီရင်ခံရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲအတွင်း အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်များ မျှော်လင့်ထားသကဲ့သို့ အရည်အသွေးပိုင်းကောင်းမွန်မှုမရှိဟု ရုရှားစစ်ဘက်ဝေဖန်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း