မတ္တရာမြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါး ဓါးဖြင့် ရက်ရက်စက်စက် ခုတ်သတ်ခံခဲ့ရ၊ ဘာသာရေးအကြမ်းဖက်ခံနေရကြောင်း IBEC ဆရာတော် မိန့်ကြား
မြူနစ် (NSS) - သြဂုတ် ၁၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါး ဓါးဖြင့် ရက်ရက်စက်စက် ခုတ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
မတ္တရာမြို့နယ်၊ သပြေသာကျေးရွာအုပ်စု၊ မှော်နီကုန်းကျေးရွာ၏ အနောက်ဘက်ရှိ အောင်မင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးစန္ဒိမာသည် ယမန်နေ့(သြဂုတ်လ ၉ ရက်)၊ နေ့လည် ၁၂ နာရီအချိန်တွင် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။
ဆရာတော် ဥူးစန္ဒိမာသည် နေ့လည် ဆွမ်းဘုန်းပေးပြီးနောက် ကျောင်းတိုက်အတွင်းရှိနေစဉ်အချိန်တွင် PDF အမည်ခံ အကြမ်းဖက်သမား (၇)ဦးခန့်သည် လက်နက်ငယ်များကိုင်ဆောင်ကာ ကျောင်းတိုက်အတွင်းဝင်ရောက်လာခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထို့နောက် ဆရာတော်အား အကြမ်းဖက်သမားများက ဓါးဖြင့် ထိုးခုတ်ခြင်းပြုလုပ်ခဲ့သည့်အတွက် ရရှိခဲ့သော ဒဏ်ရာများဖြင့် နေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဆရာတော်ဥူးစန္ဒိမာသည် ဦးခေါင်း၊ လည်ပင်း၊ ကျောပြင်၊ ခြေတောက်တို့၌ ဓါးဖြင့် အခုတ်ခံခဲ့ရသော ဒဏ်ရာအများအပြားရရှိခဲ့သည်ကို တွေ့ရှိရသည်။
ယင်းကဲ့သို့ ဗုဒ္ဓဘာသာရဟန်းသံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံနေရမှုအပေါ် ရှုတ်ချကြောင်းနှင့် လက်မခံကြောင်း ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်၊ IBEC ဆရာတော် ဦးသောဘိတက NSS ကို မိန့် ကြားသည်။
“ဒီပဋိပက္ခနွံအတောအတွင်းမှာတော့ မြန်မာနိုင်ငံမှာ ဘာသာရေးခေါင်းဆောင်တွေ သတ်ဖြတ်ခံရတာ အားလုံးဆိုရင် (၈၀) နီးပါးလောက်ရှိသွားပြီ။ (၈၀)နီးပါးထဲမှာ ပြန်ပြီးတော့ စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ဗုဒ္ဓဘာသာရဟန်းတော်တွေက အများဆုံးဖြစ်နေတယ်။ အဲဒီတော့ ဘာသာရေးအကြမ်းဖက်ခံရတယ်လို့ ဘုန်းဘုန်းကတော့ ဒီလိုပြောချင်ပါတယ်” ဟု ဦးသောဘိတက မိန့်ကြားသည်။
မည်သည့်အဖွဲ့အစည်းကဖြစ်စေ ဘာသာရေးအကြမ်းဖက်မှု၊ ဗုဒ္ဓဘာသာရဟန်းတော်များကို အကြမ်းဖက်သတ်ဖြတ်နေမှုကို ရပ်တန့်ပေးကြရန် ဆရာတော်က မေတ္တာရပ်ခံမိန့်ကြားထားသည်။
“ဒီဟာတွေကတော့ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ဘုန်းဘုန်းကတော့ ဒါတွေကို ရှုတ်ချတယ်။ လက်လည်းလက်မခံဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီဘာသာရေးခေါင်းဆောင်ဆိုတာ ဘာလက်နက်မှလည်း ရှိတာမဟုတ်ဘူး။ မေတ္တာတရားနဲ့ပဲ ပြောဟောဆုံးမကြတာ ဘယ်ဘာသာရေးခေါင်းဆောင်ပဲ ဖြစ် ဖြစ်ပေါ့။ ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး တခြားဘာသာတွေကိုလည်း ဘုန်းဘုန်းက ဒီလိုပဲ အသိအမှတ်ပြုပါတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာရဟန်းတော်တွေက ကိုယ့်ဘာသာထဲက ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ဒါတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြတာတွေက ရပ်သင့်ပါပြီ။ မလုပ်သင့်ဘူးပေါ့နော်။ တစ်နည်းအား ဖြင့် ပြောရရင် မေတ္တာစကားလည်း ပါးပါတယ်။ အဲဒီလို လုပ်ကြတဲ့သူတွေ ဒါတွေကို ရှောင်ကျဉ်ပေးကြဖို့ ဘုန်းဘုန်းက မေတ္တာရပ်ခံပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဆရာတော်၊ သံဃာတော်သည် အပါး (၈၀)ကျော် ရှိလာပြီဖြစ်သကဲ့သို့ နိုင်ငံတော်တာဝန်ရယူထားသည့် နစကအစိုးရအနေဖြင့် အပြည့်အဝကာကွယ်ပေးနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိနေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လုပ်သားအင်အားရှားပါးလာမှုများကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို အားပေးဖော်ဆောင်ပေးရန်လိုဟုဆို
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း