လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် မင်းပြားမြို့နယ်၊ မြေနိမ့်ပိုင်းရပ်ကွက်များရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများပြုလုပ်နေ
ယွန်း (NSS) - သြဂုတ် ၈
လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
သြဂုတ်လ(၁)ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်ရှိတွင် လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေ မြင့်တက်လာပြီး မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
“နှစ်တိုင်းရေကြီးတက်တဲ့နေရာတွေပါ။ တောင်ပိုင်းက သံတွဲမြို့မှာလည်း လွန်ခဲ့တဲ့လေးရက်လောက်က နိမ့်တဲ့နေရာတွေမှာ ရေကြီးခဲ့တယ်။ ပြီးတော့ပြန်ကျသွားတယ်။ အခုကတော့ မင်းပြားမှာဖြစ်တာပေါ့။ ဖြစ်တဲ့နေရာတွေမှာ သူကနည်းနည်းလေးပိုဆိုးတယ်လို့ပြောလို့ရတယ်။ ဝါဆို၊ ဝါခေါင်ဆိုရင်ရေကြီးနေတဲ့ နေရာတွေပေါ့” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက NSS ကိုပြောသည်။
လက်ရှိတွင် မြေနိမ့်ပိုင်းဒေသရှိ ဒေသခံပြည်သူများအား နီးစပ်ရာဆွေးမျိုးအိမ်များနှင့် ကယ်ဆယ်ရေးစခန်းများတွင် ပို့ဆောင်ပေးထားကြောင်း သိရသည်။
လေးမြို့မြစ်သည် လက်ရှိတွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်ခြင်းမရှိသေးသည့်အတွက် မြေနိမ့်ပိုင်းဒေသများမှအပ ကျန်ရပ်ကွက်များမြို့နယ်များတွင် ရေကြီးရေလျှံမှုများ မရှိသေးကြောင်း သိရသည်။
အလားတူ မြောက်ဦးမြို့တွင်လည်း မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
သို့သော် မင်းပြား အပါအဝင် ကျောက်တော် နှင့် မြောက်ဦးမြို့နယ်များတွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နေကြောင်းသိရပြီး ကယ်ဆယ်ရေးစခန်းများတွင်လည်း စားနပ်ရိက္ခာများကို ပြင်ဆင်ထားရှိ ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကြက်ခြေနီတွေရော၊ မီးသတ်ရော၊ အုပ်ချုပ်ရေးဌာနကရောပူးပေါင်းပြီးတော့ ကြိုတင်သတိပေးမှုတွေလုပ်နေပါတယ်။ မြေနိမ့်ပိုင်းမှာရောက်နေတဲ့သူတွေကို ရေလွတ်တဲ့နေရာတွေကို ကယ်ထုတ်တာတွေလည်း လုပ်နေတယ်။ ရေမရောက်နိုင်တဲ့ ဘုန်းကြီးကျောင်းတွေကို ပို့ထားရတယ်။ စားရေးသောက်ရေးကိုလည်း စုဆောင်းပြီးတော့ အဆင့်သင့်ပြင်ထားပြီးတာတွေရှိပါတယ်”ဟု ဦးလှသိန်းက ပြောသည်။
သို့သော် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်းသိရသည်။
လက်ရှိတွင် မင်းပြား၊ ကျောက်တော် နှင့် မြောက်ဦးမြို့နယ်တို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအပြင် အဆိုပါရပ်ကွက်များရှိ စေတီအချို့တွင်လည်း ရေဝင်ရောက်မှုများရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်အာဏာသိမ်းမှုကြောင့် နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ်ဆိုရင် ဘေးဒုက္ခဆိုးတွေ ဖြစ်လာနိုင်ဖွယ်ရှိနေဟု မာလီအစိုးရ ထပ်မံသတိပေး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း