ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ပေါ့ဆမှုကြောင့် လူနာများ ဆိုးကျိုးမဖြစ်စေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး အသိပေး
ယွန်း (NSS) - သြဂုတ် ၄
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ပေါ့ဆမှုကြောင့် လူနာများဆိုးကျိုးမဖြစ်စေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သြဂုတ်လ (၃)ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်မှ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ အောင်မြင်ရေးနှင့် လွယ်ကူစွာဖွင့်လှစ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ပေါ့ဆမှုကြောင့် လူနာများအတွက် ဆိုးကျိုးမဖြစ်ပေါ်စေရေးအတွက် အလေးထားဆောင်ရွက်ရေးကို ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် သက်ဆိုင်ရာ ဆေးကောင်စီ/သူနာပြုနှင့် သားဖွားကောင်စီများက အသိအမှတ်ပြုထုတ်ပေးထားသည့် ဆေးကုသခွင့်လိုင်စင်/ သူနာပြု နှင့် သားဖွားသက်တမ်းရှိ လိုင်စင်ရရှိပြီးသူဖြစ်ရန်လိုကြောင်း ဒေါက်တာ သက်ခိုင်ဝင်းက အသိပေးပြောကြားထားသည်။
အလားတူ တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ငြိစွန်းထားသူများ မဖြစ်ရန်လိုပြီး နိုင်ငံခြားသား ဆရာဝန်/ သူနာပြုများအနေဖြင့် အချိန်ပိုင်း ဝန်ဆောင်မှုပြုလိုပါက သက်ဆိုင်ရာကောင်စီများက အသိအမှတ်ပြုထုတ်ပေးသော သီးခြားသတ်မှတ်အထူးဆေးကုသခွင့်လိုင်စင်ရှိရန် လည်း ၎င်းကပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရန်အတွက် ပုဂ္ဂလိကဆေးရုံများတွင် ကျောက်ကပ်အစားထိုးကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများ၊ နှလုံးခွဲစိတ်ကုသမှုနှင့် အဆင့်မြင့်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းလုပ်ငန်းများကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်မြို့မှ နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ အထက(၉)အခြေခံပညာအထက်တန်း ကျောင်း၌ မီးလောင်မှုဖြစ်ပွား
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ