စကျင်ကျောက်ဖြင့် ထွင်းထုသော ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် အနေကဇာတင်အခမ်းအနား ကျင်းပ
NSS - သြဂုတ် ၁
စကျင်ကျောက်ဖြင့် တည်ထားကိုးကွယ်သော ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်အခမ်းအနားကို ကျင်းပခဲ့သည်။
ယနေ့(သြဂုတ်လ ၁ ရက်)၊ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်၏ ရင်ပြင်တော်တွင် အထက်ပါကဲ့သို့ ကျင်းပခဲ့သည်။
အဆိုပါ ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားကို ယနေ့ နံနက်အစောပိုင်းတွင် ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ဆရာတော်သံဃာတော်အပါး (၉၀၀) တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးဆောင်ဒါယကာဖြစ်သော နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ မိသားစုဝင်များ၊ နစကအရာရှိများ၊ စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်ကိုလည်း တွေ့ရှိရသည်။
ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအနီးရှိ ကျောက်စာရုံစေတီတော်များအား ထီးတော်တင်လှူခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပခဲ့ပြီးနောက် တရားတော်နာ ရေစက်ချလှူဒါန်းမှုများကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
စကျင်ကျောက်ဖြင့် ထွင်းထုပူဇော်သည့် ကမ္ဘာ့အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကုန်ကျစရိတ်တန်ဖိုးသည် အမေရိကန်ဒေါ်လာသန်း (၄၀)ခန့်ရှိကြောင်း နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီး ၎င်းကုန်ကျစရိတ်များကို အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်း ပြောသည်။
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ စုစုပေါင်းအမြင့်ပေမှာ (၈၁)ပေရှိပြီး အောက်ခံပလ္လင်တော်မှာ အမြင့် (၁၈)ပေနှင့် ဆင်းတုတော်တစ်ခုလုံး၏ အမြင့်မှာ (၆၃)ပေရှိကြောင်း သိရသည်။
၎င်းရုပ်ပွားတော်မြတ်ကြီး ဖြစ်တည်လာမည့် စကျင်ကျောက်တုံးတော်ကြီးကို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်တောင်ရှိ Anglo Mining ကုမ္ပဏီလုပ်ကွက်အတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီက စကျင်ကျောက်တုံးကြီးအား Shwe Foundation သို့ လှူဒါန်းခဲ့ရာ ၎င်းမှတစ်ဆင့် တပ်မတော်သို့ ဆက်လက်လွှဲအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စကျင်ကျောက်တုံးတော်ကြီးကို ၂၀၁၈ ခုနှစ်အတွင်း၌ စတင်တူးဖော်ခဲ့ပြီး အဆင့် ဆင့်ပြုပြင်မွမ်းမံကာ နေပြည်တော်သို့ ပင့်ဆောင်ပြီးနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိစေရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ အသိပေးထားသည်။
လက်ရှိတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့မှစတင်ကာ ပြည်သူများအနေ ဖြင့် လာရောက်ဖူးမြော်နိုင်ကြောင်းနိုင်သိရပြီး သြဂုတ်လ ၁၆ ရက်နောက်ပိုင်းတွင် ဘုရားဖူးများထံမှ သတ်မှတ်အခကြေးငွေ ကောက်ခံသွားရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံရှိ မဲဆွယ်စည်းရုံးပွဲအတွင်း လူ(၅ဝ)ကျော်သေဆုံးစေခဲ့သည့် အသေခံဗုံးခွဲမှုလုပ်ဆောင်ခဲ့ဟု ISIS အဖွဲ့ဝန်ခံ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း