နှလုံးစက်တပ်ဆင်ရန်အတွက် နှလုံးခွဲစိတ်ကုသမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
Pika (NSS) - ဇူလိုင် ၂၃
အသက်(၇၃)နှစ်အရွယ်ရှိပြီဖြစ်သော အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် နှလုံးစက်တပ်ဆင်ရန်အတွက် နှလုံးခွဲစိတ်ကုသမှုများ ခံယူရန်စီစဉ်နေကြောင်း ဇူလိုင်လ(၂၃)ရက်၊ နံနက်(၁)နာရီအချိန်တွင် ၎င်း၏တွစ်တာအကောင့်မှ တစ်ဆင့်ဖော်ပြခဲ့သည်။
နေတန်ရာဟုက "ပြီးခဲ့တဲ့သီတင်းတစ်ပတ်လောက်က ကျွန်တော့်ခန္ဓာကိုယ်ကိုစစ်ဆေးဖို့ စောင့်ကြည့်ကိရိယာတစ်ခုတပ်ဆင်ခဲ့ပါတယ်။ ဒီစက်က ဇူလိုင်လ(၂၂)ရက် ညနေပိုင်းမှာအသံမြည်လာခဲ့ပြီး ကျွန်တော့်မှာ နှလုံးခုန်စက်တပ်ဆင်ဖို့ လိုအပ်ကြောင်း ပြခဲ့ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုတွေကို ဒီညမှာလုပ်ရတော့မှာပါ။ ကျွန်တော်အရင်ကထက်ပိုကောင်းလာတယ်လို့ ခံစားရပေမယ့်လည်း ဆရာဝန်တွေရဲ့ စကားကို နားထောင်ဖို့ လိုအပ်ပါတယ်။"ဟုပြောဆိုခဲ့သည်။
နေတန်ရာဟုသည် ဆေးကုသမှုများခံယူနေစဉ်အချိန်အတွင်း တရားရေးရာဝန်ကြီး Yariv Levin သည် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း Times of Israel က ဖော်ပြခဲ့သည်။နေတန်ရာဟုသည် ညွန့်ပေါင်းအစိုးရအဖွဲ့၏ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်မဲပေးရန်အတွက် ဇူလိုင်လ(၂၄)ရက်တွင် Ramat Gan မြို့ရှိ Sheba ဆေးဘက်ဆိုင်ရာစင်တာမှ ဆင်းနိုင်ရန် မျှော်လင့်ထားကြောင်းသိရသည်။
နေတန်ရာဟုသည် ဇူလိုင်လ(၁၅)ရက်တွင် ၎င်း၏နေအိမ်မှာ မူးလဲသွားပြီးနောက် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရကြောင်းသိရသည်။ နေတန်ရာဟု မူးလဲရခြင်းအကြောင်းအရင်းနှင့်ပတ်သက်ပြီး ၎င်း၏ရုံးက ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိကြောင်းသိရသည်။ နေတန်ရာဟုသည် နေ့လည်ပိုင်းအချိန်များတွင် Sea of Galilee ရေကန်အနီးရှိ ပူပြင်းသောနေရောင်အောက်တွင် ဦးထုပ်မဆောင်းသလို၊ ရေသောက်ခြင်းမရှိဘဲ နေခဲ့ခြင်းကြောင့် ရေဓါတ်ခမ်းခြောက်ကာ မူးလဲသွားရခြင်းဖြစ်သည်ဆိုသည့် ဝေဖန်မှုများလည်းရှိခဲ့သည်။
အဆိုပါအချက်ကြောင့် အစ္စရေးနိုင်ငံရှိ ပြည်သူများကို နေပူထဲသို့မထွက်ကြရန်နှင့် အမိုးအကာများအောက်တွင်သာနေထိုင်ကြရန် နေတန်ရာဟုက တိုက်တွန်းခဲ့ကြောင်းသိရသည်။ ဆရာဝန်များသည် နေတန်ရာဟုကို စမ်းသပ်မှုများပြုလုပ်ပြီးနောက် ဆေးရုံက မဆင်းခိုင်းမီ ၎င်း၏နှလုံးခုန်နှုန်းကို စောင့်ကြည့်ရန်အတွက် နှလုံးခွဲစိတ်မှုများလုပ်ကာ နှလုံးစက်ကို တပ်ဆင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာတစ်ဝှမ်းတွင် အစားအစာဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ချေနှင့်ပတ်သက်ပြီး IMF သတိပေး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ