မန္တလေးတွင် သမီးအရင်းဖြစ်သူမှ မိခင်အရင်းအား အိုးဝေငှားပြီး သုဿန်၌ စွန့်ပစ်မှုဖြစ်ပွား
NSS - ဇူလိုင် ၁ဝ
သမီးအရင်းဖြစ်သူမှ မိခင်အရင်းအား အိုးဝေငှားပြီး သုဿန်တွင်စွန့်ပစ်ခိုင်းမှု မန္တလေးတွင် ဖြစ်ပွားခဲ့ကြောင်း မေတ္တာစေတမန်ပရဟိတအသင်းထံမှ သတင်းရရှိသည်။
အဆိုပါ အမျိုးသမီးကို ပြီးခဲ့သည့် ဇူလိုင်လ(၈)ရက်၊ ညနေပိုင်းတွင် မန္တလေးတိုင်း၊ အေးရိပ်ငြိမ်သုဿန်ရှိ မြန်မာသင်္ချိုင်းနှင့် တရုတ်သင်္ချိုင်းအကြားတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအသင်းမှ ဆိုသည်။
“သူ့ကိုမေးကြည့်တော့ သူ့သမီးက အိုးဝေးနဲ့ပစ်ခိုင်းလိုက်တာလို့ပြောတယ်။ မြစ်ငယ်ဘက်မှာနေတယ်လို့တော့သိရတယ်။ သမီးကအိမ်ငှားပေးထားတယ်လို့ပြောတယ်။ အခုကျတော့ အိမ်ငှားခမပေးနိုင်တော့လို့ အိုးဝေသမားကို ဒီဘက်လာပစ်လိုက်လို့ပြောပြီး သူ့ကိုပစ်ခိုင်းလိုက်တာလို့ပြောတယ်။ သူ့သမီးနဲ့က အတူတူမနေရဘူးလို့ပြောတယ်”ဟု မေတ္တာစေတမန်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
၎င်းသည် မြစ်ငယ်မြို့ဘက်တွင် နေထိုင်သူဖြစ်ပြီး သမီးဖြစ်သူမှ အခန်းငှားခ မပေးနိုင်တော့ခြင်းကြောင့် အိုးဝေငှား၍ အိုးဝေသမားကို စွန့်ပစ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား မေတ္တာစေတမန်ပရဟိတအသင်းမှ ဇူလိုင်လ(၉)ရက် နံနက်ပိုင်းတွင် သွားရောက်ခေါ်ယူခဲ့ပြီး မေတ္တာရပ်ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် အသက်(၄၀)ခန့်သာရှိသေးသော်လည်း အာဟာရပြတ်လပ်နေခြင်းကြောင့် အရိုးပေါ်အရေတင်အခြေအနေတွင်ရှိနေပြီး လက်ရှိတွင် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေကြောင်း အထက်ပါအသင်းမှ ဆက်လက်ပြောဆိုထားသည်။
“အသက်က (၄၀)လောက်ပဲရှိသေးတာ။ အာဟာရပြတ်တဲ့ပုံစံမျိုးဖြစ်နေတာ။ အရိုးပေါ်အရေတင်ပဲရှိတော့တာ ထမင်းနဲ့ဝေးနေတာလည်း (၁)လလောက်ကြာပြီလို့ပြောတယ်။ အခုတော့ ဘိုးဘွားရိပ်သာကို ပို့ပေးထားတယ် သူကလည်းနေမယ်လို့ပြောတယ်။ ကျန်းမာရေး ဆေးစစ်ချက်တွေ လုပ်ပေးနေပါတယ်”ဟု ၎င်းကဆက်လက်ပြောဆိုထားသည်။
မေတ္တာရိပ်ဘိုးဘွားရိပ်သာတွင် လက်ရှိ၌ အဘိုးအဘွားပေါင်း (၂၅)ဦးခန့်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်းမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း