မစားဖူးသောမှိုများ အပါအဝင် အဆိပ်ရှိသည်ဟု သံသယရှိသော မှိုများကို လုံးဝမစားရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေးထုတ်ပြန်
ယွန်း (NSS) - ဇွန် ၁၇
မိမိမစားဖူးသောမှိုများ အပါအဝင် အဆိပ်ရှိသည်ဟု သံသယရှိသော မှိုများကို လုံးဝမစားရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ် ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ(၁၅)ရက်နေ့တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
လတ်တလောကာလသည် မိုးရာသီဖြစ်သောကြောင့် သဘာဝအလျောက် မှိုများပေါက်ရောက်လေ့ရှိပြီး စားသုံးနိုင်သည့် မှိုများရှိသကဲ့သို့ စားသုံးရန်မသင့်သည်မှိုများလည်း ရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် စားသုံးရန် မသင့်သည့်မှိုများကို စားသုံးခြင်းကြောင့် မူးဝေအော့အန်ကာ ဆေးရုံတက်ရသည့် အခြေအနေများအထိ ရောက်ရှိခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
စားသုံးရန်မသင့်သည့် မှိုများကို စားသုံးမိပါက မိနစ်(၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်သည့်အပြင် ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။
ထို့ပြင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်းနှင့် စိတ်ဓာတ်ကျခြင်းများ ဖြစ်စေနိုင်ကြောင်း သိရသည်။
အဆိပ်သင့်လက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ်ပမာဏ၊ စားသုံးမိသူ၏ အသက်အရွယ်နှင့် ကိုယ်ခံစွမ်းအားတို့ အပေါ်တွင် မူတည်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် စားသုံးသူသည် အသက်ကြီးသူနှင့် ရောဂါအခံရှိသူများဖြစ်ပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် မိမိမသိသော၊ မစားဖူးသောမှိုများနှင့် အဆိပ်ရှိသည်ဟု သံသယဖြစ်ဖွယ်မှိုများကို စားသုံးခြင်းလုံးဝမပြုရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မှိုစားပြီးနောက် ဒေသခံ(၁၀)ဦးကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်း-မြန်မာနယ်စပ်တွင် ဘိန်း (၈ဝ)ကီလိုဂရမ်ကျော်ကို သိမ်းဆည်းရမိဟု ထိုင်းစစ်တပ်ပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ