တောင်ဆူဒန်နိုင်ငံ မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းအနီးတိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ (၁၃)ဦး သေဆုံး
ရောင်နီ (NP News) - ဇွန် ၁ဝ
တောင်ဆူဒန်နိုင်ငံ မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည် စခန်းတစ်ခုမှာ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင် လူ(၁၃)ဦး သေဆုံးခဲ့တယ်လို့ အဆိုပါ စခန်းကို လှည့်ပတ်စစ်ဆေးနေတဲ့ ကုလသမဂ္ဂမစ်ရှင်က ပြောကြားခဲ့ပါတယ်။
အထက်နိုင်းပြည်နယ်မြို့တော် မာလာကယ်လ်မှာ ကြာသပတေးနေ့ (ဇွန်လ ၈ ရက်)က အမျိုးသားတစ်ဦး ဓားထိုးသတ်ဖြတ်ခံရပြီးနောက် ဒေသတွင်းတိုင်းရင်းသား မျိုးနွယ်နှစ်ခုကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု စတင်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့(ဇွန်လ ၉ ရက်)ကဖြစ်ပျက်ခဲ့တဲ့ စစ်ရှောင်စခန်းအနီးတိုက်ပွဲမှာ ကနဦးအစီရင်ခံစာတွေအရ အနည်းဆုံး လူ(၃)ဦး သေဆုံးပြီး လူအယောက် (၂ဝ)ကျော် ဒဏ်ရာရခဲ့ကာ တချို့က ကုလသမဂ္ဂမစ်ရှင်ရဲ့ ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စနေ နေ့ (ဇွန်လ ၁ဝ ရက်)မှာတော့ သေဆုံးသူ အရေအတွက် (၁ဝ) ဦး ထပ်တိုးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်စခန်းဟာ အနည်းဆုံး လူ (၅ဝဝဝဝ)ခန့်နေထိုင်ပြီး အိမ်နီးချင်း ဆူဒန်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် နောက်ထပ် စစ်ဘေးရှောင် ဒုက္ခသည် လူ (၃ဝဝဝ)ခန့် ထပ်မံရောက်ရှိလာခဲ့ပါတယ်။ UNMISS နဲ့ တောင်ဆူဒန်စစ်တပ်ဟာ အဆိုပါ ဒုက္ခသည်စခန်းအတွင်းနဲ့ အနီးတစ်ဝိုက် လုံခြုံရေးကို အားဖြည့်ထားပြီး တိုက်ပွဲဖြစ်ပွားမှုဟာ အခုအချိန်မှာတော့ ငြိမ်သက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
၂ဝ၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေး ငြိမ်းချမ်းရေး သဘောတူညီချက်ကြောင့် တောင်ဆူဒန်မှာ တိုက်ပွဲတွေ သိသိသာသာ လျော့ကျသွားပေမယ့် စားကျက်နယ်မြေများ၊ ရေ၊ လယ်မြေနဲ့ အခြားသယံဇာတများအတွက် အငြင်းပွားနေတဲ့ ဒေသတွေမှာတော့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း၊ နိုင်းမြစ်အထက်ပိုင်း ပြည်နယ်ဟာ လက်နက်ကိုင်ပြည်သူ့စစ်တွေရဲ့ အဓိကကြိုးကိုင်မှုနဲ့ အကြမ်းဖက်မှု ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာလီနိုင်ငံမြောက်ပိုင်း၌ ကုလငြိမ်းချမ်းရေးတပ် တိုက်ခိုက်ခံရ၍ တပ်သားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း