မာလီနိုင်ငံမြောက်ပိုင်း၌ ကုလငြိမ်းချမ်းရေးတပ် တိုက်ခိုက်ခံရ၍ တပ်သားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ
Htay Oung (NP News) - ဇွန် ၁ဝ
မာလီနိုင်ငံမြောက်ပိုင်းမှာ သောကြာနေ့ (ဇွန်လ ၉ ရက်)က ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် တိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် တစ်ဦးထက်မနည်း သေဆုံးပြီး အခြားလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ MINUSMA ခေါ် “ကုလသမဂ္ဂ မာလီနိုင်ငံတည်ငြိမ်ရေးဘက်စုံမြှင့်တင်ရေးဆိုင်ရာ မစ်ရှစ်” က ပြောဆိုကြောင်း Reuters က ယမန်နေ့(ဇွန်လ ၉ ရက်)တွင် ရေးသားတယ်။
အဲဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း အစ္စလာမ်မစ် ဂျီဟတ်ဝါဒီများရဲ့ အဓိက ခြေကုတ်နေရာတစ်ခုဖြစ်လာတဲ့ တွမ်ဘူတူဒေသရှိ ဘားမြို့အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
ကင်းလှည့်သူက လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အရင်ဆုံးတွေ့ရှိခဲ့ပြီး တိုက်ရိုက်ပစ်ခတ်မှုနဲ့ ထိမှန်ခဲကြောင်း MINUSMA က သူရဲ့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။ တိုက်ခိုက်မှု ကျူးလွန်တဲ့အဖွဲ့ အစည်းရဲ့ အမည်ကို မဖော်ပြပဲ "ရှုပ်ထွေးတဲ့ တိုက်ခိုက်မှု" ဖြစ်တယ်လို့သာ ပြောကြားပြီး အသေအပျောက်သတင်းများကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ အစ္စလာမ်မစ်စစ်သွေးကြွများ၊ အစ္စလာမ်မစ်နိုင်ငံ တော် ထူထောင်လိုသူ ဘာသာရေးအစွန်းရောက် အိုင်အက်စ်တို့အပြင် အက်ဇ်၀ပ်လို့ ခေါ်တဲ့ မာလီမြောက်ပိုင်းဒေသ လွတ်လပ်ရေးလှုပ်ရှားသူတို့ဟာ ၂ဝ၁၂ ခုနှစ်ကတည်းက မာလီအစိုးရကို ပုန်ကန်နေကြပါတယ်။ အဲ့ဒီ ခွဲထွက်ရေးလှုပ်ရှားမှုကို MNLA အဖွဲ့က ဦးစီးပြီး လစ်ဗျားပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးသူများ ပါဝင်နေပါတယ်။
တစ်ချိန်က ချမ်းသာကြွယ်ဝတဲ့ အနောက်အာဖရိက အင်ပါယာ (၃)ခုအနက် တစ်ခုဖြစ်ခဲ့တဲ့ မာလီနိုင်ငံဟာ ၁၉ ရာစုမှာ ပြင်သစ်ကိုလိုနီလက်အောက်ရောက်ရှိခဲ့ပြီး ၁၉၆ဝ ခုနှစ်မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံထက် နှစ်ဆနီးပါးကျယ်ဝန်းပေမယ့် ၂ဝ၂၂ ခုနှစ်မှာ လူဦးရေ (၂၂)သန်းခန့်သာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံမြောက်ပိုင်းဟာ ဆာဟာရသဲကန္တာရအတွင်း နက်ရှိုင်းစွာ ပါ၀င်နေပြီး တောင်ပိုင်းမှာသာ လူဦးရေအများစုနေထိုင်ပါတယ်။ နိုင်ငံတွင်းနေသူ ၉၅ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါတယ်။
ယူရေနီယမ်နဲ့ ရွှေတို့လို ရှားပါးအဖိုးတန် သတ္တုများကြွယ်၀ရာ နိုင်ငံဖြစ်ပေမဲ့ အကြိမ်ကြိမ် အာဏာသိမ်းမှုများ၊ အဓိကရုန်းများ၊ နိုင်ငံရေး မငြိမ်သက်မှုများဟာ မာလီကို ဆင်းရဲတွင်း နက်စေခဲ့ပါတယ်။
အကြမ်းဖက်မှုတွေဟာ အတ္တလန်တိတ်သမုဒ္ဒရာမှ ပင်လယ်နီအကြား ဆာဟာရသဲကန္တာရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အာဖရိကမြောက်ပိုင်း ဆာဟဲဒေသတစ်လျောက် ပြန့်နှံနေပြီး ဒေသတွင်း အစိုးရတပ်များက ပြန်လည် တိုက်ခိုက်ဖို့ အကူအညီပေးတယ်ဆိုပြီး နိုင်ငံတကာစစ်တပ်တို့က ဝင်ရောက်စွက်ဖက်နေကြပါတယ်။
စစ်ပွဲဟာ (၁) မာလီအစိုးရတပ်များ၊ ဋ္ဌာနေပြည်သူ့စစ်များ၊ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များ၊ ပြင်သစ်-ဂျာမနီ-ရုရှားတို့မှ နိုင်ငံတကာတပ်များက တစ်ဖက် (၂) MNLA တို့ ဦးစီးတဲ့ ခွဲထွက်ရေး စစ် သွေးကြွများ (၃) အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်တို့ပါ၀င်ပြီး ၁ဝ ဖွဲ့ထက်မနည်းတဲ့ ဒေသန္တရ အစ္စလာမ်မစ်ဘာသာရေးအ စွန်းရောက်တို့အကြား အပြန်အလှန် တိုက်ခိုက်နေကြခြင်း ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့် ဆီးရီးယား ပြည်တွင်းစစ်နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး အလွန်ရှုတ်ထွေးတဲ့ စစ်ပွဲဟာ ဆယ်စုနှစ်ချီဖြစ်ပွားနေပါတယ်။
၂ဝ၂၁ ခုနှစ် MNLA ပုန်ကန်မှုအပြီး မာလီနိုင်ငံ တည်ငြိမ်စေရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံး ဖြတ်ချက်အရ MINUSMA ကုလသမဂ္ဂမစ်ရှစ်ကို စတင်ခဲ့ပါတယ်။
မာလီနိုင်ငံအတွင်း တိုက်ပွဲများကြောင့် လူပေါင်း သောင်းချီ သေဆုံးပြီး ခြောက်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လက်ရှိ မာလီနိုင်ငံအတွင်း တပ်စွဲထားတဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့၀င် ၁၂ဝဝဝ ခန့်ရှိတယ်လို့ MINUSMA ရဲ့ စာရင်းဇယားများအရ သိရှိရပါတယ်။ ၂ဝ၁၃ ခုနှစ် မစ်ရှင်စတင်ချိန်မှ မာလီနိုင်ငံမှာ MINUSMA တပ်ဖွဲ့ဝင် (၃ဝ၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်ဘနွန်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင် ဖြစ်လာခဲ့ပါတယ်။
MINUSMA မှလွဲရင် မာလီနိုင်ငံမှာ လက်ရှိ နိုင်ငံတကာ ငြိမ်းချမ်းမှု စစ်ဆင်ရေး နှစ်ခု ရှိနေပါသေးတယ်။ ဥရောပသမဂ္ဂရဲ့ ဆာဟဲဒေသ မာလီနိုင်ငံဆိုင်ရာ မစ်ရှင် EUCAP နဲ့ EUTM တို့ဖြစ်ကြပါတယ်။
(Reuters., 9 June 2023,” One U.N. peacekeeper killed and four injured in north Mali attack” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂ္ဂလိကဆေးရုံလိုင်စင် လျှောက်ထားရာ၌ ကြန့်ကြာမှုများရှိသည်ဟု ပြောဆိုမှုများသည် မှန်ကန်မှုမရှိဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ