လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ခြေ နည်းသွားသော်လည်း မုတ်သုံလေအားကောင်းလာသည့်အတွက် မိုးသည်းထန်စွာရွာသွန်းနိုင်ဟု မိုးဇလပြော
ယွန်း (NP News) - ဇွန် ၅
လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ခြေ လျော့နည်းသွားသော်လည်း မုတ်သုံလေအားကောင်းလာနိုင် ခြင်းကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဇွန်လ(၅)ရက်မှ (၈)ရက်အတွင်း လေထုမငြိမ်သက်မှု ဖြစ်ပေါ်လာရာမှ လေ ဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း မိုးဇလမှ ပြီးခဲ့သည့်ရက်ပိုင်းကခန့်မှန်းထားသည်။
သို့သော် ဇွန်လ(၄)ရက်၊ ညပိုင်းထုတ်ပြန်ချက်အရ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် လျော့နည်းသွားပြီး မုတ်သုံလေအားကောင်းလာနိုင်သည့် အခြေအနေဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလမှဆိုထားသည်။
“လေဖိအားနည်းရပ်ဝန်းက အားပျော့ပျက်ပြယ်သွားတဲ့ အခြေအနေတော့ မရောက်သေးဘူး။ ပျက်ပြယ်တယ်ဆိုတာက လုံးဝကို ပျောက်သွားတာ။ အခုဟာက ဖြစ်နိုင်ခြေနည်းတဲ့အနေအထားကို ရောက်သွားတာပါ။ အရင်တုန်းကတော့ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းနည်းနည်းများတယ်။ အခုကတော့ရာခိုင်နှုန်းနည်းသွားတယ်ပေါ့။ မုတ်သုံလေကတော့ အားကောင်းလာနိုင်တယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။
အဆိုပါ မုတ်သုံလေအားကောင်းလာနိုင်မှုကြောင့် ဇွန်လ(၈)ရက်မှ (၁၅)ရက်အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင် နှင့် မွန်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှဆိုသည်။
အလားတူ အချို့ဒေသများတွင်လည်း ဒေသအလိုက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလမှခန့်မှန်းထုတ်ပြန်ထားသည်။
ထို့ပြင် မုတ်သုံလေအားကောင်းလာနိုင်မှုကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်သတိပြု၍နေထိုင်ရန် မိုးဇလမှအသိပေးထုတ်ပြန်ထား သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ရခိုင်ကမ်းရိုးတန်း နှင့် မြစ်ဝကျွန်းပေါ်ဒေသများကို ဝင်ရောက်နိုင် သည်ဟု ခန့်မှန်းမှုများရှိခဲ့သော်လည်း လက်ရှိတွင် ဖြစ်ပေါ်လာနိုင်ခြေလျော့နည်းသွားပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ကြီးမြို့နယ်၌ တံတားအားပြုပြင်နေစဉ် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း