မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသူ (၈)သိန်းကို သုံးလစာ အရေးပေါ်စားနပ်ရိက္ခာနှင့် ငွေသားထောက်ပံ့ပေးရန် စီစဥ်နေဟု WFP ဆို
ယွန်း (NP News) - ဇွန် ၁
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသူ (၈)သိန်းကို သုံးလစာ အရေးပေါ်စားနပ်ရိက္ခာနှင့် ငွေသားထောက်ပံ့ပေးရန် စီစဥ်နေကြောင်း WFP မှ ထုတ်ပြန်ထားသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)က မေလ(၃၁)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့မှ မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် လူဦးရေ(၂၃ဝဝဝဝ)ကျော်ထံသို့ WFP မှ အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး WFP ဝန်ထမ်းများအနေဖြင့် လက်လှမ်းမီသမျှ မုန်တိုင်းဒဏ်ခံရသူအားလုံးကို အသက်ကယ်စားနပ်ရိက္ခာများ အမြန်ဆုံး ပေးအပ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယခုအခါတွင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး နှင့် ရသေ့တောင်မြို့နယ်များ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင် နှင့် မောင်းတောမြို့နယ်များမှ မုန်တိုင်းသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများဖြန့်ဖြူးပေးနေပြီး အထောက်အပံ့များထပ်မံ ပေးအပ်သွားနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် WFP သည် နိုင်ငံတစ်ဝန်းတွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများရှိ လူဦးရေ (၈ဝဝဝဝဝ) ထံသို့ ကနဦးအနေဖြင့် သုံးလစာအရေးပေါ်စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့များကို ပေးအပ်နိုင်ရန် ရည် မှန်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ WFP သည် နိုင်ငံတစ်ဝန်းရှိ ဝမ်ရေးဖူလုံမှုမရှိသော လူဦးရေ(၂ ဒသမ ၁)သန်းအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် အာဟာရအကူအညီများကို ယခုနှစ်ကုန်ပိုင်းအထိ ပေးအပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်း(၆ဝ)ရရှိရေးကိုလည်း ရန်ပုံငွေရှာဖွေလျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း(၆ဝ)တွင် မုန်တိုင်းသင့်သူ(၄၄ဝဝဝဝ)ကိုကူညီရန် လိုအပ်နေသည့် ရန်ပုံငွေ(၂၃)သန်း ပါဝင်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့၌ ဆီဘောက်ဆာကားနှင့် HIJET ကားတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၁)ဦး သေဆုံး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း