ရွှေစည်းခုံစေတီတော်ကြီး၏ ရင်ပြင်တော်ရှိ မူလကြမ်းခင်းကို ဖော်ထုတ်ထိန်းသိမ်းနေပြီး ယခင်လက်ရာအတိုင်း ခရီးသွားများ လေ့လာနိုင်တော့မည်
စော (NSS) - စက်တင်ဘာ ၄
ရွှေစည်းခုံစေတီတော်ကြီး၏ ရင်ပြင်တော်ရှိ မူလကြမ်းခင်းကို အများပြည်သူလေ့လာနိုင်ရန် ဖော်ထုတ်ထိန်း သိမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်နေပြီး ယခင် လက်ရာအတိုင်း ခရီးသွားများ လေ့လာနိုင်မည်ဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NSS ကိုပြောသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသတွင် အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ထုတ်ပြန်ထားသော ဥပဒေများ၊ စီမံခန့်ခွဲရေးမူဘောင်များ၊ လမ်းညွှန်ချက်များအရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်လည်း ဌာနမှတာဝန်ရှိ ဝန်ထမ်းများအပါအဝင် ဆက်စပ်ဌာနများ၊ အမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးကော်မတီများ၊ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဝိုင်းဝန်းကူညီကြသူများနှင့် ပူး ပေါင်း၍ညှိနှိုင်း ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
‘‘လုပ်နေဆဲကာလပဲရှိတယ်။ Detail drawing တွေပေါ်မှာမူတည်ပြီးတော့ လစ်လပ်နေတဲ့ သဲကျောက်ပြားတွေ ပြန်ပြီးတော့ဖြည့်သွားမယ်။ ဖြည့်ပြီးတော့မှ Level တွေမြှင့်မယ်။ Level မြှင့်ပြီးတော့မှ ရေဆင်းကောင်းအောင် အဲဒီပေါ်ကိုမှ ရေကျရင် ရေလေးဆင်းသွားအောင်လုပ်ပြီးမှ အများ ပြည်သူလေ့လာနိုင်အောင် Presentation ပုံလေး ထားပြီးတော့မှ အဲဒါသည် ရွှေစည်းခုံဘုရားကြီး မူလတည်စဉ်ကအသုံးပြုထားတဲ့ မူလကြမ်းခင်းသဲ ကျောက်ပြားတုံးကြီး တွေဖြစ်ပါတယ်ဆိုပြီးတော့ အများပြည်သူ ဗဟုသုတရအောင်၊ လေ့လာနိုင်အောင် ထိန်းသိမ်းဖော်ထုတ်တဲ့ အစီအစဉ်ပေါ့နော်”ဟု ဦးကျော်မျိုးဝင်းက ပြောသည်။
ထိုသို့ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် ဓာတုဗေဒဌာနမှ ကျောက်သပိတ်တွင်ရှိသော ထုံးများကို ဓာတုဗေဒနည်းဖြင့် သန့်ရှင်းရေးလုပ် ဆောင်ပြီး ထုံးများကို ပြန်ခွာခြင်း၊ တန်ဆောင်းများရှိ ရုပ်စုံတန်ဆောင်းများသည် ဆွေးမြည့်ကာ ပြုတ်ကျ ခြင်းများလည်းရှိသည့်အတွက် ပြန်လည်ပြုပြင်ခြင်း တို့ကို လုပ်ဆောင်နေကြောင်းသိရသည်။
ထို့ပြင် စောင်းတန်းရှိ ရှေးဟောင်းပန်းချီကား များတွင် ပိုးမျှင်များ၊ ကြေးများကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ရှေးဟောင်းပစ္စည်းများ၊ အမွေအနှစ်များနှင့် ပတ်သက်သည့်လုပ်ငန်းများကို ပြန် လည်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် စူဠာမဏိဘုရားတွင် ယခင်နှစ်များက မူလကြမ်းခင်းကို ဖော်ပြထားကြောင်းနှင့် စေတနာကြီး ဘုရားတွင် လည်း မူလကြမ်းခင်းဟုဆိုကာ မှန်ပုံးတွင် ပြသထားခြင်းများလည်းရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီမိုကရေစီ နိုင်ငံရေးဂယက်တွေကြားက ဖွံ့ဖြိုးတိုးတက်မှု လျော့မသွားတဲ့ ထိုင်းနိုင်ငံ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း