လစ်လပ်သွားသည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရေး ဆောင်ရွက်နေဟုဆို
ယွန်း (NSS) - သြဂုတ် ၁
လစ်လပ်သွားသည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရေး ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ယာယီသမ္မတ(တာဝန်)၊ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်(၃၁)ရက်နေ့တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးနှင့်ပတ်သက်ပြီး လစ်လပ်သွားခဲ့သည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရန်အတွက် “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်”ဆိုသည့်မူကိုချမှတ်ပြီး အစိုးရအနေဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။
နိုင်ငံရေးကြောင့် တာဝန်မှလုပ်ငန်းခွင်စွန့်ခွာသွားသည့် ကျန်းမာရေးဝန်ထမ်းများ၏နေရာများတွင် ပြန်လည်အစားထိုးခန့်အပ်ပေးနိုင်ရန် ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်၌ နိုင်ငံတစ်ဝန်းဆေးပေးခန်း (၇၂၇၈)ခုနှင့် ဆေးရုံပေါင်း (၇၅၇) ရုံတွင် ကျန်းမာရေးဝန်ထမ်း (၆၈၂၅၈)ဦးသည် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နစကအနေဖြင့် ကျန်းမာရေးကဏ္ဍမြှင့်တင်မှုနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုများပိုမိုမြင့်မားလာစေရေးအတွက် ယခုဘဏ္ဍာနှစ်အတွင်း မြို့နယ်ဆေးရုံနှင့်အထက်ဆေးရုံများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ယခုနှစ်အတွင်း ဆေးရုံသုံးပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းရေးနှင့် ဆေးရုံများတိုးချဲ့ဆောက်လုပ်ရေးအတွက် သီးသန့်ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ (၂၂)သန်းနှင့် ကျပ်ငွေ (၁၁၆ ဒသမ ၈)ဘီလျံကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့၏လုပ်ငန်းခွင်များကို စွန့်ခွာကာ CDM ပြုလုပ်မှုများ ရှိခဲ့သည်။
နိုင်ငံရေးဖြစ်စဉ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးဝန်ကြီးဌာနတွင် အရာထမ်း၊ အမှုထမ်း ကျန်းမာရေးဝန်ထမ်း (၁ဝ၃၂၁၄)ဦးရှိသည့်အနက် CDM ပြုလုပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းဦးရေသည် (၄၇၂၅၄)ဦးအထိရှိခဲ့ကြောင်း နစက၏ အချက်အလက်များတွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှဆီတင်သင်္ဘောများဝင်ရောက်ရန် ရှိဟုဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ