ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း ယနေ့ နံနက်ပိုင်းက နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်
သုတကျော် (NSS) – မတ် ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း (ခေါ်) ဆရာကျားချေ သည် ယနေ့ (မတ်လ ၂၄ ရက်) နံနက်ပိုင်းက နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများထံ မေးမြန်းထားသည့်အချက်အလက်များ အရ သိရသည်။
ဝန်ကြီးဦးသန်းထွန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း အခြား ဝန်ကြီးများ နှင့် အတူ မြောက်ဦး နှင့် ကျောက်တော်မြို့ဘက် ကွင်းဆင်း စစ်ဆေးနေစဉ် နှလုံးရောဂါ ဖြစ်ပွားလာကြောင့် တပ်မတော် ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်၍ စစ်တွေစစ်ရုံသို့ တင်ခဲ့ရပြီး ရန်ကုန်မြို့သို့လည်း လာရောက်ကာ နှလုံးစစ်ဆေး ဆေးဝါးကုသမှု ခံယူခဲ့ရသေးသည်။
“ဒီနေ့ မနက် ၆ နာရီလောက်က အိမ်မှာ လမ်းလျှောက်တုန်းမှာ နှလုံးရောဂါက ပြန်ဖောက်လာတာပေါ့။ ဝန်ကြီးက အစတည်းက နှလုံးရောဂါအခံလည်း ရှိနေတော့ ဆေးသောက်နေရတာ။ ဒါကြောင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးကို ချက်ချင်းပို့ပေမယ့် မနက်ပိုင်း ၇ နာရီကျော်မှာ ကွယ်လွန်သွားခဲ့ပါတယ် ခင်ဗျာ။ ဖြစ်တာကအရမ်းကို မြန်လွန်း ပါတယ်” ဟု ကွယ်လွန်သူ ဝန်ကြီးဦးသန်းထွန်း နှင့် ရင်းနှီးသူ တစ်ဦးက NP News သို့ ပြောသည်။
ဦးသန်းထွန်းသည် ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်အရွယ်ရှိပြီ ဖြစ်ကာ နာရေးအခမ်းအနားပြုလုပ်မည့် အစီအစဉ်များကို သိရခြင်း မရှိသေးပါ။
ဝန်ကြီး ဦးသန်းထွန်းသည် အထက (၄) စစ်တွေ မှ ကန်တော့ခံ ဆရာတစ်ဦးဖြစ်ကာ စစ်တွေမြို့တွင် နာမည်ကျော် သင်္ချာဆရာလည်း တစ်ဦးဖြစ်ပြီး ပရဟိတ သမားတစ်ဦးလည်းဖြစ်သည်။
ဦးသန်းထွန်းသည် ဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခြင်း မခံရမီက စစ်တွေ မြို့မိ၊ မြို့ဖ အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ကာ ပြည်နယ်အစိုးရတွင် တာဝန်မယူမီကပင် ရခိုင်ပြည်နယ် တွင် ထင်ရှားသူတစ်ဦး ဖြစ်သည်။
“ဝန်ကြီးဟာ ရခိုင်ပြည်နယ် အတွက် အစိုးရ အဖွဲ့ထံကနေ စွမ်းသလောက်လုပ်ပေးခဲ့သူပါ။ ဝန်ကြီးလက်ထက်မှာ ကွင်းဆင်းပြီးတော့ ဒေသတိုးတက်ရေး လုပ်ခဲ့တာတွေလည်း ရှိတယ်။ သူ့တာဝန်ယူစဉ် ကာလကို အမြဲ အမှတ်ရ နေမှာပါ” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ နယူးဒေလီပြည်နယ် ဝန်ကြီးချုပ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြည်သူတွေ ဆန္ဒပြတောင်းဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ