မင်းဘူးမြို့နယ်မှ နှစ်ပေါင်း(၁၆ဝ)ကျော်သက်တမ်းရှိ ကြေးခေါင်းလောင်း(၁)လုံး အပါအဝင် ကြေးခေါင်းလောင်း ကြီး(၂)လုံး ခိုးယူခံရမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို စုံစမ်းနေ
NSS - ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ရေပုတ်ကျေးရွာ၊ ရွှေမြင်တင်စေတီတော်မှ နှစ်ပေါင်း(၁၆ဝ)ကျော် သက်တမ်းရှိ ကြေးခေါင်းလောင်း(၁)လုံး အပါအဝင် ကြေးခေါင်းလောင်းကြီး(၂)လုံး ပျောက်ဆုံးမှုတွင် ကျူးလွန်သူများကို စုံစမ်း နေကြောင်း ခေါင်းလောင်းလှူဒါန်းသူ အလှူရှင်မှ ဆင်းသက်လာခဲ့သူ ဦးစိန်ရွှေမင်းက NP News သို့ ပြောသည်။
ခေါင်းလောင်ပျောက်ဆုံးမှုသည် ဖေဖော်ဝါရီ ၁၉ ရက်၊ သံခေါင်ယံအချိန်(သို့မဟုတ်) ဖေဖော်ဝါရီလ ၂ဝ ရက် နံနက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ယူဆထားကြပြီး ပျောက်ဆုံးခေါင်းလောင်း(၂)လုံးနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၃ ရက်၊ ယနေ့တိုင် သတင်းစုံစမ်းမရသေးကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာ လျှပ်စစ်မီးက (၅)နာရီလာ၊ (၅)နာရီပြတ်တယ်ပေါ့။ အဲဒီနေ့ညက လျှပ်စစ်မီးက ည ၁၂ နာရီမှာ ပြတ်သွားပြီး မနက်(၅) နာရီမှာပြန်လာတာ။ အဲဒီမှာ ဘုရားရဲ့အကျိုးတော်ဆောင်က မနက်ပိုင်းမီးခလုပ်တွေ လာပိတ်တာတို့ဖွင့်တာတို့လုပ်တဲ့အချိန်မှာ ခေါင်းလောင်းတွေ မရှိတော့တာပေါ့။ အဲဒါကြောင့် ညပိုင်းမီးပြတ်နေတဲ့ အချိန်မှာ ခိုးခံရတယ်လို့ ယူဆရတာ” ဟု ဦးစိန်ရွှေမင်းက ပြောသည်။
အဆိုပါခိုးယူခံခဲ့ရသည့် ခေါင်းလောင်း(၂)လုံးမှာ ကြေးပိဿချိန် (၉ဝ)ရှိ ကြေးခေါင်းလောင်းများဖြစ်ပြီး ပျောက်ဆုံး ခေါင်းလောင်း(၂)လုံးအနက် တစ်လုံးမှာ နှစ်ပေါင်း(၁၆၇)နှစ် သက်တမ်းရှိကာ အလှူရှင်မှာ ရေပုတ်ကျေးရွာကို စတင်တည်ထောင်ခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော ဒေါ်ဇံဖြစ်ပြီး ကျန်ခေါင်းလောင်းတစ်လုံးမှာ နှစ်ပေါင်း (၅ဝ)ကျော် သက်တမ်းရှိကြောင်း သိရသည်။
“ခေါင်းလောင်း(၂)လုံးစလုံးက ကြေးတွေနဲ့ချည်းသွင်းလုပ်ထားတာပါ။ အခုနောက်ပိုင်းမှသာ ရွှေမြင်တင်ဘုရားကို ရွှေသင်္ဃန်းကပ်တုန်းက ရွှေဆေးနဲ့ပြန်သုတ်ထားလို့ပေါ့။ ခေါင်းလောင်းတစ်လုံးဆိုရင် ကျွန်တော်တို့ရဲ့ “ဘင်” လို့ ခေါ်မယ် သူကလှူဒါန်းခဲ့တာ။ အခုဟာက ဘိုးဘွားပိုင်လည်းဖြစ်တော့ အရမ်းလည်းနှမျောတာပေါ့။ ပြီးတော့ဒါက နိုင်ငံရဲ့ရှေးဟောင်းအမွေလို့လည်း ပြောလို့ရတယ်။ ပြီးတော့ ကျွန်တော်တို့ရွာရဲ့ သမိုင်းအထောက်အထား သတ်သေတစ်ခုဆိုတော့ များစွာစိတ်မကောင်းဖြစ်ရတယ်” ဟု ဦးစိန်ရွှေမင်းက ၎င်း၏ သဘောထားကို ပြောသည်။
လက်ရှိတွင် အဆိုပါခေါင်းလောင်း(၂)လုံး ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ အလှူရှင်များက သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုင်ကြားအသိပေးမှုများပြုလုပ်ထားပြီး ပြန်လည်ရှာဖွေတွေ့ရှိရန် ကြိုးပမ်းနေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနျူကလီးယားတပ်ဖွဲ့ဝင် အားလုံး၏ ၉၅ ရာခိုင်နှုန်းကို ခေတ်မီတိုးတက်အောင်လုပ်ဆောင်ထားကြောင်း ရုရှားသမ္မတပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း