ယူကရိန်းပဋိပက္ခဖြေရှင်းရေးနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် နှင့် အဆက်အသွယ်များ မရှိကြောင်း ရုရှားအစိုးရပြော
Pika (NSS) - ဇန်နဝါရီ ၂၃
ယူကရိန်းပဋိပက္ခဖြေရှင်းရေးနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်းဖြစ်သလို ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရေပန်းအစားဆုံးဖြစ်နေသူ ဒေါ်နယ်ထရမ့်နှင့်ဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကို့ဗ်က ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်က ၎င်းသည် ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးချယ်ခံရမည်ဆိုပါက ရုရှား-ယူကရိန်းပဋိပက္ခကို (၂၄)နာရီအတွင်း အဆုံးသတ်ရန် ဖြေရှင်းပေးနိုင်ကြောင်း ပြီးခဲ့သည့်လများအတွင်း အကြိမ် ကြိမ် ကတိပြုခဲ့သည်။
ထို့အပြင် ယူကရိန်းသမ္မတဇီလန်စကီး၊ ရုရှားသမ္မတပူတင်တို့နှင့် အတူထိုင်ကာ ၎င်းတို့၏ အားသာချက် နှင့် အားနည်းချက်များကို အသုံးပြုပြီး နှစ်နိုင်ငံကြားဖြစ်ပွားနေသောအကျပ်အတည်းကို အမြန်ဆုံးဖြေရှင်းပေးနိုင်ကြောင်းလည်း ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။
သို့သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်များရရှိရန်အတွက် ယူကရိန်းသည် ၎င်း၏နယ်မြေအချို့ကို ရုရှားထံတွင် ဆုံးရှုံးနိုင်သည်ဆိုသည့် ဖြစ်နိုင်ခြေများကို ဒေါ်နယ်ထရမ့်က ငြင်းဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်မည်ဆိုသည့် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေး ကတိပြုမှုများ နှင့်ပတ်သက်ပြီး ရုရှားဖက်က မည်သို့မြင်သည်ဆိုသည့်အချက်ကို ဒီမစ်ထရီပက်စကို့ဗ်က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ ကြောင်းလည်း သိရသည်။
၎င်းက "ဒီကိစ္စဟာ ဘယ်လိုပြီးမြောက်သွားမှာလဲဆိုတာကို မသိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်နဲ့ အဆက်အသွယ်တွေ မရှိခဲ့ပါဘူး" ဟု ပြောခဲ့သည်။ ထို့အပြင် ဒေါ်နယ်ထရမ့်၏ ကတိပြုပြောဆိုမှုများသည် အနည်းငယ်ကြောက်စရာကောင်းကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော် ပြောခဲ့သည်။ ဒေါ်နယ်ထရမ့်သည့် အဆိုပါအစီအစဉ်များနှင့်ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိခဲ့သည့်အပြင် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရာတွင် ယူကရိန်း၏ အကျိုးစီးပွားများကို လျစ်လျူရှုနိုင်ဖွယ် ရှိနေကြောင်း ဇီလန်စကီးက မှတ်ချက်ပြုပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီအတွင်းရှိ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ရန်အတွက် တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည်ဖြစ်ကြောင်း နယူးဇီလန်အစိုးရ ကြေညာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ