ရုရှားနှင့်စစ်ပွဲအတွက် ပြင်ဆင်ထားသင့်ကြောင်း နေတိုးအဖွဲ့စစ်ရေးကော်မတီဥက္ကဋ္ဌပြော
Pika (NSS) - ဇန်နဝါရီ ၂ဝ
အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် အရပ်သားများကို စစ်သားစုဆောင်းခြင်းအပြင် ရုရှားနိုင်ငံနှင့် ဖြစ်ပွားမည့် အဓိကပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း နေတိုးအဖွဲ့စစ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Rob Bauer ကပြောကြားခဲ့သည်။
ဘရပ်ဆဲလ်မြို့တွင် ဇန်နဝါရီလ(၁၈)ရက်က ကျင်းပခဲ့သော နေတိုးအဖွဲ့ ကာကွယ်ရေးဦးစီးချုပ်များအစည်း အဝေးပြီးတွင် Rob Bauer က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ လာမည့်နှစ်ပေါင်း(၂၀)အတွင်း ရုရှားနှင့်ဖြစ်ပွားနိုင်သော ကြီးမားသည့်ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်ထားရန် နေတိုးအဖွဲ့ကို ၎င်းကတိုက်တွန်းခဲ့ကြောင်းလည်းသိရသည်။
၎င်းက"ငြိမ်းချမ်းရေးဆိုတာ ဒီအတိုင်းပေးထားတဲ့အရာတစ်ခုမဟုတ်ဘူးဆိုတာ ကျွန်တော်တို့နားလည်ရပါမယ်။ ဒါကြောင့် ရုရှားနဲ့ ပဋိပက္ခအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားသင့်တာပါ။ အရာရာတိုင်းကို စိတ် ကူးယဉ်လို့မရသလို လာမယ့်နှစ်ပေါင်း(၂၀)အတွင်းမှာ အရာအားလုံးက ဒီအတိုင်းဆက်ဖြစ်မနေဘူးဆိုတာကို ကျွန်တော်တို့နားလည်ရပါမယ်"ဟု ပြောဆိုခဲ့သည်။
ဖြစ်နိုင်ခြေရှိသော ပဋိပက္ခကို နေတိုးအဖွဲ့၏ စစ်ဘက်များသာမက အဖွဲ့ဝင်နိုင်ငံအားလုံး၏ စက်မှုလုပ်ငန်းများနှင့် အရပ်သားများထံမှ အာရုံစိုက်မှုများကိုပါ လိုအပ်မည်ဖြစ်ကြောင်း ၎င်းကသတိပေးပြောဆိုခဲ့သည်။ ၎င်းက "ပဋိပက္ခဖြစ်ပွားခဲ့မယ်ဆိုရင် ဒါကိုဆက်ထိန်းထားနိုင်ဖို့အတွက် လုံလောက်တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျည်တွေကို မြန်မြန်ထုတ်လုပ်နိုင်မယ့် စက်မှုအခြေခံလုပ်ငန်းတွေကို လိုအပ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့နှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားလာနိုင်ခြေရှိသော ပဋိပက္ခနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ သတိပေးချက်အများအပြားရှိလာချိန်တွင် Rob Bauer ၏ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ နေတိုးအဖွဲ့သည် ဖြစ်နိုင်ခြေရှိသော ပဋိပက္ခအတွက်ပြင်ဆင်ရန် (၃)နှစ်မှ(၅)နှစ်ကြားသာရှိတော့ကြောင်း အက်စတိုးနီးယားဝန်ကြီးချုပ် Kaja Kallas က ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံက ရှားပါး ပန်ဒါနီများကို တရားမဝင်လမ်းကြောင်းများကတစ်ဆင့် ရောင်းချနေမှုရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ