နှစ်နိုင်ငံကြား တင်းမာမှုများ အရှိန်လျှော့ချရန် ပါကစ္စတန်နှင့် အီရန်တို့သဘောတူ
Pika (NSS) - ဇန်နဝါရီ ၂ဝ
ပါကစ္စတန်နှင့်အီရန်တို့သည် နှစ်နိုင်ငံကြား တင်းမာမှုများအရှိန်လျှော့ချရန် ဇန်နဝါရီလ(၁၉)ရက်က သဘော တူညီခဲ့ကြကြောင်း ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။
ပါကစ္စတန်နှင့်အီရန်တို့သည် ယခုသီတင်းပတ်အတွင်း နှစ်နိုင်ငံလုံး၏ နယ်မြေများတွင်ရှိသော စစ်သွေးကြွအဖွဲ့များကို လေကြောင်းမှတိုက်ခိုက်မှုများ အပြန်အလှန်လုပ်ဆောင်ခဲ့ကြပြီးနောက် ယခုကဲ့သို့ သဘောတူညီမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အီရန်နှင့်ပါကစ္စတန်ကြားဖြစ်ပွားသော စစ်ရေးတင်းမာမှုများသည် အစ္စရေး-ဟားမက်စစ်ပွဲကြောင့်ဖြစ်ပွားနေသော ဒေသတွင်းတင်းမာမှုများကို ပိုမိုမြင့်တက်လာအောင် လှုံ့ဆော်ပေးခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်ဇန်နဝါရီလ(၁၆)ရက်တွင် အီရန်အစိုးရသည် ပါကစ္စတန်နယ်မြေများပေါ်တွင်ရှိသော စစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ဇန်နဝါရီလ(၁၈)ရက်တွင် ပါကစ္စတန်အစိုးရသည် အီရန်နယ်မြေများပေါ်တွင်ရှိသော စစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ပါကစ္စတန်အစိုးရသည် အီရန်ရှိ ၎င်း၏သံအမတ်ကြီးကို ပြန် လည်ခေါ်ယူခဲ့ပြီး အီရန်သံအမတ်ကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်းလည်းသိရသည်။ ပါကစ္စတန်နှင့်အီရန်ကြား ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် ကုလ သမဂ္ဂနှင့် အမေရိကန်တို့ကတောင်းဆိုခဲ့ပြီး ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင်ပေးရန်အတွက် တရုတ်အစိုးရက ကမ်းလှမ်းခဲ့ကြောင်းသိရသည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Jalil Abbas Jilani နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian တို့သည် ဖုန်းဖြင့် စကားပြောဆိုခဲ့ပြီးနောက် အကြမ်း ဖက်မှုတုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် နှင့် နှစ်ဖက်လုံး၏ စိုးရိမ်ပူပန်မှုများကို အလေးအနက်ထားကြရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက"လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကို လျှော့ချဖို့ နှစ်ဖက်လုံးက သဘောတူညီခဲ့ပါတယ်"ဟု ထုတ်ပြန်ထားသည်။
"ပါကစ္စတန်နိုင်ငံမှာရှိတဲ့ အကြမ်းဖက်စခန်းတွေကို ဖျက်ဆီးပစ်ဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ်လိုအပ်ပါတယ်။"ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian ကလည်းပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံရှိ ကျောင်းတစ်ခု၏ အဆောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၃)ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ