မိုးမိတ်မြို့ကို KIA ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့်ဝင်တိုက်နေ၍ တိုက်ပွဲထပ်မံပြင်းထန်နေပြီး ကျောင်း၊ နေအိမ် နှင့် ရုံးများ မီးလောင်ပျက်စီးမှုဖြစ်ပေါ်
မြူနစ် (NSS) - ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို KIA ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်တိုက်နေ၍ တိုက်ပွဲများ ထပ်မံပြင်းထန်နေလျက်ရှိပြီး ကျောင်း၊ လူနေအိမ် နှင့် ရုံးများ မီးလောင်ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း သိရသည်။
အင်အား (၁၀၀၀)ဝန်းကျင်ခန့်ရှိသော KIA၊ PDF ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်လုံခြုံရေးအဖွဲ့တို့အကြား ယမန်နေ့(ဇန်နဝါရီလ ၁၉ ရက်)တွင် မိုးမိတ်မြို့၌ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။
“သူတို့အင်အား တစ်ထောင်လောက်ရှိတယ်။ KIA ပါတယ်။ PDF ပါတယ်။ ပလောင်ပါတယ်။ အများဆုံးကတော့ KIA၊ PDF တွေများတယ်။ သူတို့ဆီမှာ ဒရုန်းတွေ ပါတယ်။ ပြီးရင် ၁၂၀ မမ တွေပါတယ်။ စနိုက်ပါ ပါတယ်။ အင်အားကလည်း တော်တော်များတယ်” ဟု တပ်မတော်လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော မိုးမိတ်မြို့ခံက NSS ကို ပြောသည်။
ယနေ့(ဇန်နဝါရီလ ၂၀ ရက်)တွင်လည်း မိုးမိတ်မြို့အတွင်း၌ တပ်မတော် နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲထပ်မံပြင်းထန်နေလျက်ရှိပြီး တပ်မ တော်ဘက်ကလည်း လေကြောင်းပစ်ကူများဖြင့် ပြန် လည်တိုက်ခိုက်နေလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိအခြေအနေတွင် KIA၊ PDF ပူးပေါင်းအဖွဲ့များ သည် မိုးမိတ်မြို့အတွင်းသို့ ဝင်ရောက်လာနိုင်သည့်အနေအထားရှိနေသော်လည်း တပ်မတော်ဘက်က ပြန်လည်ခုခံနေလျက်ရှိကြောင်း သိရသည်။
“မိုးမိတ်မြို့ထဲမှာ တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ဆက်တောင့်မခံနိုင်တော့လို့ မြို့ထဲကနေ နောက်ဆုတ်ပေး လိုက်ရတဲ့ သဘောတော့ရှိပါတယ်။ တပ်မတော်ဘက်က လူအင်အားက နည်းတယ်လေ။ ဒါပေမဲ့ မြို့ထဲမှာ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ။ လေယာဉ်တွေနဲ့ ပြန်ပစ်နေတာတွေလည်းရှိတယ်”ဟု မိုးမိတ်မြို့ခံက ပြောသည်။
ထိုသို့ မိုးမိတ်မြို့အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် မိုးမိတ်ဈေးတို့သည် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။
“ညတုန်းကတော့ မြို့ထဲမှာ မီးအကြီးအကျယ်လောင်သွားတယ်။ ဈေးတွေလည်း လောင်သွားတယ်။ သူတို့က လဝက ရုံးကိုလည်း မီးရှို့သွားတယ်။ နောက် ဌာနဆိုင် ရာရုံးတွေ၊ အခြေခံပညာအထက်တန်းကျောင်းကိုလည်း မီးရှို့သွားတယ်”ဟု မိုးမိတ်မြို့ခံက ထပ်မံပြောသည်။
ယမန်နေ့ ညပိုင်းတွင် မိုးမိတ်မြို့အတွင်း၌ မီးလောင်မှုဖြစ်စဉ် အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့ခံအများစုသည်လည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံနဲ့တင်းမာမှုရှိနေချိန်မှာပဲ ဖိလစ်ပိုင်နဲ့ ကနေဒါနိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ချုပ်ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ