အစ္စရေးက အီရန်နိုင်ငံနဲ့လည်း တိုက်ရိုက်စစ်ပွဲဖြစ်ပွားနေကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၉
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အီရန်နိုင်ငံကို တိုက်ရိုက် တိုက်ခိုက်သွားမှာဖြစ်ကြောင်း၊ အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လာခြင်းက တားဆီးနိုင်အောင် အရာရာတိုင်း လုပ်ဆောင်သွားရဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂါဇာစစ်ပွဲဟာ အီရန်နိုင်ငံဖြစ်ပွားနေတဲ့ကြားခံစစ်ပွဲမျိုးသာဖြစ်ကြောင်း၊ အီရန်လက်အောက်ခံအဖွဲ့အစည်းတွေဖြစ် တဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စု၊ ဟူသီလက်နက်ကိုင်အုပ်စု၊ ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုတွေနဲ့ ဆီးရီးယား လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနိုင်ငံကိုတိုက်ခိုက်နေကြောင်း ၎င်းက ပြောပါတယ်။
အစ္စရေးဟာ အီရန်လက်အောက်ခံအဖွဲ့စည်းတွေအပြင် အီရန်နိုင်ငံကိုလည်း တိုက်ခိုက်နေရကြောင်း အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။ နေတန်ရာဟုကအီရန်ဟာ အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့တွေကို ငွေကြေးကူညီထောက်ပံ့ပေးခြင်း၊ စစ်သင်တန်းလေ့ကျင့်ပေးခြင်း၊ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ဖို့ နည်းပညာအပြင်ထောက်လှမ်းရေးအချက်လက်တွေကို ကူညီပေးခဲ့ကြောင်း ပြောပါတယ်။
"ဒေသအတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နောက်ကွယ်မှာ အီရန်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ အီရန်နိုင်ငံ နဲ့လည်း စစ်ရေးပဋိပက္ခဖြစ်နေတယ်လို့ ပြောလို့ရတယ်။ အီရန်ဟာ ကျွန်တော်တို့ပုံရိပ်နဲ့နိုင်ငံကို ဖျက်ဆီးလို့ မရနိုင်ပါဘူး" လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။
ဒါပေမယ့် အီရန်အစိုးရကတော့ အစ္စရေးဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေကို ပယ်ချထားပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ဝေဖန်မှုတွေသာဖြစ်ကြောင်း ဆိုပါတယ်။ အစ္စရေးဟာ လက်ရှိအချိန်မှာ အီရန်လက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုနဲ့ ဂါဇာစစ်ပွဲဖြစ်ပွားနေပြီး အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ နှစ်သောင်းကျော် သေဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသည်အယောင်ဆောင်၍ ယာဉ်ပိုင်ရှင်ဖြစ်သူအား သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ပြီးနောက် ကားလုယက်သွားမှု မန္တလေး၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ