ဂါဇာကမ်းမြောင်ဒေသရှိနေအိမ်များကို ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ အနည်းဆုံး (၁၅) ဘီလျံ လိုအပ်ကြောင်းပြော
Pika (NSS) - ဇန်နဝါရီ ၁၈
ဂါဇာကမ်းမြောင်ဒေသရှိနေအိမ်များကို ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ အနည်းဆုံး(၁၅) ဘီလျံ လိုအပ်မည်ဖြစ်ကြောင်း ပါလက်စတိုင်း ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ အကြီးအကဲ Mohammed Mustafa က ဇန်နဝါရီလ(၁၇)ရက်တွင် ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ထိုးစစ်ဆင်မှုများကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများ၏ အတိုင်းအတာကို Mohammed Mustafa က ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။
ဂါဇာကမ်းမြောင်ဒေသရှိ နေအိမ်အလုံးရေ(၃)သိန်းခွဲခန့်မှာ အလုံးစုံ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ကြောင်းကို နိုင်ငံတကာအစီရင်ခံစာများတွင် ဖော်ပြထားကြောင်း Mohammed Mustafa က ပြောဆိုခဲ့သည်။
"အဲဒီ နေအိမ်အလုံးရေ စုစုပေါင်းထဲမှ (၁)သိန်းခွဲခန့်ဟာ နေအိမ်တစ်ခုလျှင် ပျမ်းမျှကုန်ကျမှု အမေရိကန်ဒေါ်လာ တစ်သိန်း နဲ့ ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီအမေရိကန်ဒေါ်လာ(၁၅)ဘီလျံဟာ နေအိမ်တွေ တည်ဆောက်ဖို့တစ်ခုတည်းအတွက် လိုအပ်တာပါ။ ထိခိုက်ပျက်စီးခဲ့တဲ့ အခြေခံအဆောက်အဦးတွေ၊ ဆေးရုံတွေ၊ ဓါတ်အားလိုင်းတွေအတွက် မပါသေးပါဘူး" ဟု ၎င်းက ပြောခဲ့သည်။
၂ဝ၁၄ ခုနှစ်တွင် အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားခဲ့သော သီတင်းပတ်(၇)ပတ်ကြာ စစ်ပွဲ အတွင်း ပါလက်စတိုင်းလူမျိုး(၂၁ဝဝ)ဦး သေဆုံးခဲ့ပြီးနောက် နေအိမ်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကာတာနိုင်ငံက အမေရိကန်ဒေါ်လာ(၁)ဘီလျံကျော် သုံးစွဲခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးနိုင်ငံသား(၁၂ဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် အစ္စရေး ဖက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး(၂၄၄၄၈)ဦး သေဆုံးခဲ့ ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အစ္စရေး၏ ထိုးစစ်ဆင်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ နေအိမ်ပေါင်း(၃၆ဝဝဝဝ)ကျော်သည် အလုံးစုံ (သို့မဟုတ်) အနည်းငယ် ပျက်စီးခဲ့ပြီး အခြားနေအိမ်(၇ဝဝဝဝ)ကျော်မှာ လုံးဝပျက်စီးသွားခဲ့ကြောင်း ဟားမက် မီဒီယာရုံးမှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
ထို့အပြင် ပါလက်စတိုင်းခေါင်းဆောင်များသည် စားနပ်ရိက္ခာနှင့် ရေများ အပါအဝင် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများကို ဆက်လက်အာရုံစိုက်သွားမည်ဖြစ်သော်လည်း နောက်ဆုံးတွင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အာရုံစိုက်သွားမည်ဖြစ်ကြောင်း Mohammed Mustafa က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကြီးက အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုများကို ပိုမိုလိုချင်နေကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ