ဟိုပန် နှင့် ပန်လုံမြို့တို့တွင် "ဝ"အဖွဲ့က သန်းခေါင်စာရင်း ကောက်ယူနေပြီး အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားစတင်နေ
သုတကျော် (NSS) - ဇန်နဝါရီ ၁၈
မကြာသေးမီ ကာလတွင် "ဝ" အဖွဲ့က လွှဲပြောင်းလက်ခံခဲ့သည်ဟုဆိုသော ဟိုပန် နှင့် ပန်လုံမြို့တွင် "ဝ"အဖွဲ့ UWSA က သန်းခေါင်စာရင်း ကောက်ယူနေပြီး အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားစတင်နေကြောင်း အဆိုပါအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဦးညီရန်းက NSS သတင်းဌာနကို အတည်ပြု ပြောကြားသည်။
ထိုသို့ သန်းခေါင်စာရင်း ကောက်ယူနေသည်ဟု သတင်းထွက်ပေါ်နေသည့်အပေါ် NSS သတင်းဌာနက ဦးညီရန်းထံ အွန်လိုင်းမှတဆင့် စာပို့ဆက်သွယ်မေးမြန်းရာတွင် ဦးညီရန်းက ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟိုပန်နှင့်ပန်လုံမြို့ နှစ်မြို့ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၅ ရက်တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် UWSA ထံကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကာ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဟိုပန်မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ UWSA ဘက်မှ မိုင်းမောခရိုင်မှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း UWSA ဘက်က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် "ဝ"အဖွဲ့ အနေဖြင့် အဆိုပါ ဒေသတွင်း အရပ်ဘက် အုပ် ချုပ်ရေး ယန္တရားစတင်နေပြီဆိုသော သတင်းနှင့်ပတ်သက်၍ “ဟုတ်မှန်ပါသလား”ဟု မေးမြန်းရာတွင် ဦးညီရန်းက “မှန်ပါတယ်။ စနေပါပြီ”ဟု ပြန်လည် ဖြေကြားထားသည်။
မည်သူက မည်သူ့ကို လွှဲပြောင်းပေးအပ်ကြောင်း သတင်းအချက် အလက်ကို အွန်လိုင်းတွင်တွေ့မြင်ရကြောင်း၊ ယခုကဲ့သို့ နယ်မြေကို အတိုးအလျှော့လုပ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံ ရေး သုံးသပ်လေ့လာသူ တစ်ဦးက မှတ်ချက်ပေးပြောကြား သည်။
“ဘယ်မြို့နယ် နဲ့ ဘယ်မြို့နယ် ပေါင်းစပ်ထားတာကို ဘယ်ခရိုင်လို့ ခေါ်ပါတယ်။ အဲဒီ ခရိုင်ထဲက ဘယ်ဟာကို ထပ်တိုးတယ်။ ဘယ်ဟာကို လျှော့တယ်ဆိုရင် တကယ်တမ်းက လွှတ်တော်မှာပဲ လုပ်ရတယ်။ အခု လွှတ်တော်မရှိတုန်းမှာ လုပ်တယ်ဆိုတော့ အချုပ်အခြာအာဏာကို ထိပါးတာ။ အခုချိန်အထိ ဒီဟာကြီးကို တကယ်လုပ်တယ်ဆိုရင် အချုပ်အခြာအာဏာကို ထိပါးတာ။ ဒီထက် ပိုပြောရမယ် ဆိုရင်တော့ လက်ကို တံထွေးဆွတ်ပြီး နားရွက်ကို ကိုင်တာပဲ။ အဲဒါမျိုးဆိုရင် ဒါက ဘယ်လို တုံ့ပြန်မယ် ဆိုတာမျိုးထက် ဒီဟာတွေနဲ့ ပတ်သက်ပြီး ဘယ်လို စီမံ ဆောင်ရွက်မလဲ ဆိုတာကတော့ လက်ရှိ အုပ်ချုပ်နေတဲ့သူအပေါ် မူတည်တာပေါ့”ဟု အထက်ပါ သုံးသပ်လေ့လာသူက ပြောကြားသည်။
“ဝ”နှင့် မိုင်းလားသည် အစိုးရ၏ ကွပ်ကဲမှုအောက်က လွတ် မြောက်နေပြီး အထူးဒေသဖြစ်ခြင်းကြောင့် ၎င်းတို့၏ လက်နက်ကိုင်တပ်များနှင့် ၎င်းတို့ ဘာသာနေခြင်းဖြစ်ကြောင်း၊ “ဝ”နှင့် မိုင်းလားဘက်တွင် မြန်မာအစိုးရ၏ နိုင်ငံ့ဝန်ထမ်း တစ်ဦးမျှမရှိကြောင်း၊ “ဝ”နှင့် မိုင်းလားတွင် တရုတ်စကားပြောတတ်သူသာများပြီး မြန်မာစကားပြောတတ်သူရှားကြောင်း၊ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေ မသုံးသည်ကိုလည်း သိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Phoenix News Media နှင့် သီးသန့် အင်တာဗျူးတွင် ဖြေကြားထားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနတွင် လစ်လပ်နေသော ဒုဦးစီးမှူးရာထူးနေရာများ ခေါ်ယူနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ