ထိုင်းနိုင်ငံသို့ MOU အလုပ်သမားများစေလွှတ်ရာတွင် ရန်ကုန် - ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စေလွှတ်ခွင့်ပြုထား
Pearl (NSS) - ဇန်နဝါရီ ၁၈
ထိုင်းနိုင်ငံသို့ MOU အလုပ်သမားများစေလွှတ်ရာတွင် ရန်ကုန် - ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စေလွှတ်ခွင့်ပြုထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၃)ရက်တွင် Video conferencing စနစ်ဖြင့် ကျင်းပခဲ့သည့် ထိုင်း - မြန်မာနှစ်နိုင်ငံ ညွှန်ကြားရေးမှူးချုပ်များအဆင့် အစည်းအဝေး၌ MOU စနစ်ဖြင့် အလုပ်သမားစေ လွှတ်ခြင်းကို ရန်ကုန်-ဒွန်မောင်းလေဆိပ်များတွင် ဆောင်ရွက်သွားလာနိုင်ရေး နှစ်နိုင်ငံ သဘောတူညီခဲ့ကြောင်း သိရသည်။
"အဓိကက ကုန်းလမ်းက သွားတာထက်စာရင် အချိန်ကုန်သက် သာတယ်။ မြဝတီဘက်ကသွားရင်လည်း အာရှလမ်းမကြီးဘက်က သွားတာမဟုတ်တော့ ကြန့်ကြာမှုတွေ ရှိတယ်။ ကော့သောင်းဘက်ကသွားရင်လည်း ရန်ကုန်-ကော့သောင်းလေယာဉ်ခတွေက စျေးကြီးတယ်။ အဲဒါကြောင့် ရန်ကုန်- ဒွန်မောင်းလေဆိပ်က စေလွှတ်ဖို့ ညှိနှိုင်းပြီးခွင့်ပြုတာပါ"ဟု အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက NSS ကို ပြောသည်။
ထိုသို့ ရန်ကုန်-ဒွန်မောင်းလေဆိပ်မှတစ်ဆင့် အလုပ်သမားများကိုစေလွှတ်ရာတွင် အလုပ်သများအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးတွင် ဗီဇာတောင်းခံရန်လိုအပ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အေဂျင်စီများအနေဖြင့်လည်း ပုဂ္ဂလိက သို့မဟုတ် charter လေကြောင်းလိုင်းများဖြင့် စေလွှတ်နိုင်ပြီး ပုဂ္ဂလိကဖြင့် စေလွှတ်ပါက လေကြောင်းလိုင်းထိန်းသိမ်းရေးဌာနသို့ ညှိနှိုင်းအကြောင်း ကြားရန် မလိုအပ်သော်လည်း charter ဖြင့်စေလွှတ်ပါက ထိုင်းနိုင်ငံ၏ လေကြောင်းလိုင်း ထိန်းသိမ်းရေးဌာနသို့ ညှိနှိုင်း အကြောင်းကြားရမည် ဖြစ်ကြောင်း သိရသည်။
အလားတူ charter လေကြောင်းလိုင်းဖြင့်စေလွှတ်ပါက ဝန်ကြီးဌာနမှတစ်ဆင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနသို့ ညှိနှိုင်းအကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။
ဒွန်မောင်းလေဆိပ်သို့ရောက်ရှိပါက ထိုင်း လ.ဝ.က မှ နေထိုင်ခွင့် (၂)နှစ်ပေးမည်ဖြစ်ပြီး အလုပ်ရှင် သို့မဟုတ် ကိုယ်စားလှယ်က အလုပ်သမားများကို လာရောက်ခေါ်ယူ၍ သက်ဆိုင်ရာနယ်မြေတွင် ဆေးစစ်ကာ အလုပ်အကိုင်ဌာနသို့ တင်ပြရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဆေးစစ်ပြီးကြောင်း နှင့် ဗီဇာရရှိပြီးကြောင်း အထောက်အ ထားများတင်ပြပြီးနောက် သင်တန်းတတ်ရောက်၍ work permit ထုတ်ပေးမည်ဖြစ်ပြီး ဗီဇာနှုန်းထားသည်လည်း ထိုင်းဘက်မှ ဖြေလျှော့ထားသည့် နှုန်းထားအတိုင်းသာ ဖြစ်ကြောင်းသိရသည်။
အလုပ်သမားများကို လေယာဉ်ဖြင့်စေလွှတ်ရာတွင် လေယာဉ်နံပါတ်နှင့်အချိန်တို့အား ထိုင်းဘက်သို့ရက်သတ္တပတ် တစ်ပတ် ကြိုတင်၍ အကြောင်းကြားစာပေးပို့ရမည်ဖြစ်ပြီး အလုပ်သမားများခေါ်ယူမည့်ရက်ကိုလည်း ထိုင်းအလုပ်အကိုင်ဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းလိုင်းဖြင့် စေလွှတ်လိုသည့် အေဂျင်စီများအနေဖြင့်လည်း စေလွှတ်ခွင့်တင်ပြရာတွင် ဦးစီးဌာနသို့ တရားဝင် ရုံးပိတ် ရက်မပါ အနည်းဆုံး (၁၀)ရက်ကြို၍တင်ပြရန် နှင့် အလုပ်သမားများ၏ Name List ၊ လေကြောင်းလိုင်းအမည်၊ လေယာဉ်အမှတ် ၊ လေယာဉ်အချိန်စသည့် အချက်များကို ပူးတွဲတင်ပြရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟိုပန် နှင့် ပန်လုံမြို့တို့တွင် "ဝ"အဖွဲ့က သန်းခေါင်စာရင်း ကောက်ယူနေပြီး အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားစတင်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ