၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျပ်(၁၀၀၀)တန် အောင်ဘာလေထီလက်မှတ်စာအုပ်များကို ဧပြီလတွင် စတင်ရောင်းချပေးမည်
စော (NSS) - ဇန်နဝါရီ ၁၄
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျပ်(၁၀၀၀)တန် အောင်ဘာလေထီလက်မှတ်စာအုပ်များကို လာမည့် ဧပြီလတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ယနေ့(ဇန်နဝါရီလ ၁၄ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ထီလက်မှတ်စာအုပ်များကို ဝယ်ယူရောင်းချလိုပါက ရန်ကုန်တိုင်းအတွက် အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)၊ မန္တလေးတိုင်းအတွက် အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) နှင့် ကျန်တိုင်း/ပြည်နယ်များအတွက် နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ထီလုပ်ငန်းအမှန်တကယ် လုပ်ကိုင်၍ ထီဆိုင်ဖွင်လှစ်ရောင်းချသူများဖြစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မှတ်ပုံတင်ကတ်ပြား မူရင်း/မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/မိတ္တူ နှင့် ထီလက်မှတ်များဝယ် ယူရရှိပါက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမည်ဟု ကတိခံဝန်ချက်များကို လျှောက်လွှာနှင့်အတူ ကိုယ်တိုင်တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ထီလုပ်ငန်းရှင်အဟောင်းများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ လစဉ် ထီလက်မှတ်စာအုပ်များ ဝယ်ယူရောင်းချခဲ့မှုအပေါ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စဆောင်ရွက်ပြီးကြောင်း ထောက်ခံစာ မူရင်း သို့မဟုတ် ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စလုံလောက်သော အစီအစဉ်များပြုလုပ်ပြီးကြောင်း ထောက်ခံစာမူရင်းကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို သက်ဆိုင်ရာရုံးများသို့ လာမည့် ဇန်နဝါရီလ ၁၆ ရက်မှ ၂၉ ရက်အတွင်း တင်ပို့ရမည် ဖြစ်ကြောင်း သိရသည်။
ထီစာအုပ်များ ဝယ်ယူရောင်းချလိုသူများအနေဖြင့် တစ်လလျှင် မိမိရောင်းရမည့် ထီစာအုပ်အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန်ယူရောင်းချမည့် ထီစာအုပ်အရေအတွက်ကို ဖော်ပြလျက် မပျက်မကွက် ဝယ်ယူမည်ဖြစ်ကြောင်း သဘောတူကတိစာချုပ် ချုပ်ဆိုရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူကတိစာချုပ်ကို ချုပ်ဆိုပြီးပါက စာချုပ်ပါ သဘောတူညီချက်ကို လိုက်နာရန်ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့် ရပ်စဲခြင်း၊ အာမခံငွေများ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ် အရေအတွက်အား အတည်ပြုချက်ရရှိပါက အာမခံငွေ ပေးသွင်းခြင်း၊ သဘောတူကတိစာချုပ် ချုပ်ဆိုခြင်းများကို မတ်လ ၄ ရက် နောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
သတ်မှတ်ထားသည့် အချိန်အတွင်း လိုက်နာခြင်းမရှိဘဲ ပျက်ကွက်ခဲ့ပါက ထီလက်မှတ်ဝယ်ယူခွင့် ရရှိသူစာရင်းမှ ပယ်ပျက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ အစ္စရေးကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့ ကူညီပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ