ညစ်ညမ်းသည့် အပြောအဆို၊ အပြုအမူများပါဝင်သည့် တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်မှုများကို ဥပဒေနှင့်အညီ အရေးယူမည်
ယွန်း (NSS) - ဇန်နဝါရီ ၁၃
မြန်မာ့ယဥ်ကျေးမှုကို ဆန့်ကျင်သော ညစ်ညမ်းသည့် အပြောအဆိုများ၊ အပြုအမူများ ပါဝင်သည့် တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်မှုများကို အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့(ဇန်နဝါရီလ ၁၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန် မသင့်လျော်သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်လျက်ရှိသည်။
ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများ ပါဝင်သည့် ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူ ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားသည်။
“ဘဘတို့နိုင်ငံအနေနဲ့ ယဥ်ကျေးမှုနဲ့ပတ်သက်လို့အားလုံးထိန်းသိမ်းသင့်တဲ့ နိုင်ငံလည်းဖြစ်တယ်။ ပြီးတော့ ယဥ်ကျေးမှုနဲ့ပတ်သက်ရင်လည်း ဂုဏ်ယူရတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီတော့ မြန်မာ့ယဥ်ကျေးမှုနဲ့ပတ်သက်ပြီး ဒီလိုမျိုးလေးထုတ်ပြန်လိုက်တာ ဘဘအမြင်ကတော့ကျေနပ်ပါတယ်။ အထူးသဖြင့် အနုပညာ သမားဆိုတာက ပြည်သူတွေရဲ့စံပြလည်းဖြစ်တယ်။ အမျိုးသားယဥ်ကျေးမှုကို ပိုပြီးလည်းထိန်းသိမ်းသင့်တယ်” ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က NSS ကိုသုံးသပ်ပြောကြားထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ် သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်းပေးရန် ဝန်ကြီးဌာနက ထည့်သွင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက ဖိအားပေးမှုတွေရှိနေချိန်မှာပဲ အခက်အခဲတွေကြားကနေ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲကို ပြုလုပ်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ