အီရန်အစိုးရ ဖမ်းဆီးထိန်းသိမ်းထားသော ရေနံတင်သင်္ဘောကို ပြန်လည်ရယူနိုင်ရန်အတွက် ကူညီရန် အမေရိကန်အစိုးရကို သင်္ဘောကုမ္ပဏီပိုင်ရှင် တောင်းဆို
Pika (NSS) - ဇန်နဝါရီ ၁၂
အီရန်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသော ရေနံတင်သင်္ဘော၏ ဂရိသင်္ဘောပိုင်ရှင် Empire Navigation Inc ကုမ္ပဏီသည် ၎င်း၏ သင်္ဘောကို ပြန်လည်ရယူနိုင်ရန်အတွက် ဇန်နဝါရီလ(၁၁)ရက်တွင် အမေရိကန်အစိုးရထံမှ အကူအညီများကို တရားရုံးတစ်ခုတွင် တောင်းခံခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနံတင်သင်္ဘောကိစ္စသည် အမေရိကန် နှင့် အီရန်ကြားတင်းမာမှုများကို ပိုမိုမြင့်တက်စေသည့် ကိစ္စတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ အမေရိကန်တရားရေးရာဌာနသည် ပြီးခဲ့သည့်နှစ် ဧပြီလတွင် အီရန်ရေနံများ တင်ဆောင်လာသည့် Suez Rajan ဟုအမည်ရသော ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်အာဏာပိုင်များသည် အဆိုပါရေနံတင်သင်္ဘောကို အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်းသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ထို့နောက် အမေရိကန်အာဏာပိုင်များသည် အဆိုပါရေနံတင်သင်္ဘောကို St Nikolas ဟု အမည်သစ်ပေးခဲ့ပြီး Empire Navigation ကုမ္ပဏီက ဆက်လက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီရန်အစိုးရသည် ဇန်နဝါရီလ(၁၁)ရက်တွင် တူရကီသို့သွားမည့် အီရတ်ရေနံစိမ်းများ တင်ဆောင်လာသည့် St Nikolas ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ရပ်သည် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်အစိုးရက လုပ်ဆောင်ခဲ့သည့်လုပ်ရပ်ကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။
"ရေနံတင်သင်္ဘောကုမ္ပဏီပိုင်ရှင်ဟာ သင်္ဘောကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေပေမယ့်လည်း သူတို့ရဲ့အဓိကဦးစားပေးက သင်္ဘောသားတွေ ဘေးကင်းကင်းနဲ့ပြန်လာနိုင်ဖို့ပါပဲ။ အမေရိကန်အစိုးရဟာ ဒီအခြေအနေတွေကို သေချာနားလည်ပြီး ထောက်ပံ့ပေးမည့်အကူအညီတွေအားလုံးကို သင်္ဘောကုမ္ပဏီပိုင်ရှင်တွေက အသိအမှတ်ပြုပါတယ်" ဟု ရှေ့နေတစ်ဦး က ပြောခဲ့သည်။
အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို အမေရိကန်တရားရေးရာဌာနက လက်ရှိအချိန်အထိ ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။ အီရန်တပ်ဖွဲ့ဝင်များသည် အိုမန်ပင်လယ်ကွေ့တွင် St Nikolas ရေနံတင်သင်္ဘောကို တရားမဝင် ဝင်ရောက်စီးနင်းခဲ့ပြီး အီရန်ရေပိုင်နက်ထဲသို့ လမ်းကြောင်းပြောင်းခိုင်းခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောကြားခဲ့သည်။
အီရန်အစိုးရ၏ အဆိုပါလုပ်ရပ်ကို အမေရိကန်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင် က "အီရန်တပ်ဖွဲ့တွေဟာ ဒီရေနံတင်သင်္ဘောကို သိမ်းယူဖို့ ဘာအကြောင်းပြချက်မှမရှိပါဘူး။ ဒီသင်္ဘောတွေကို လွှတ်ထားပေးဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားစစ်တပ်က မြေပြင်အခြေစိုက် မဟာဗျူဟာမြောက်ဒုံးကျည်ဗားရှင်းအသစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ