လက်ဘနွန်စစ်တပ်ကို ပိုမိုအားကောင်အောင်လုပ်ဆောင်ဖို့အတွက် ယူရို(၁၅)သန်းကူညီပေးရန် ဂျာမနီအစိုးရ ကတိပြု
Pika (NSS) - ဇန်နဝါရီ ၁၂
ဂါဇာစစ်ပွဲဖြစ်ပွားနေချိန်တွင် အစ္စရေးနယ်စပ်မှာ တင်းမာမှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေသည့်အချိန်တွင် လက်ဘနွန်စစ်တပ်ကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ရန်အတွက် ယူရို(၁၅)သန်း ကူညီပေးရန် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ဇန်နဝါရီလ(၁ဝ)ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေးကူညီမှုသည် အစ္စရေးနှင့်ထိစပ်နေသော တောင်ပိုင်းနယ်စပ်ကို ပိုမိုကောင်းမွန်စွာ လုံခြုံအောင် လုပ်ဆောင်ရာတွင် လက်ဘနွန်စစ်တပ်ကို ကူညီပေးရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို အလည်အပတ်ရောက်ရှိနေသော Annalena Baerbock က ပြောကြားခဲ့သည်။
၎င်းက "လက်ဘနွန်စစ်တပ်ဟာ လက်နက်ကိုင်စစ်သွေးကြွအဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့တွေရှိတဲ့နယ်မြေတွေကို ထိရောက်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်ရပါမယ်" ဟု ပြောခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေး နှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင် အဖွဲ့တို့သည် နယ်စပ်တစ်လျှောက် အပြန်အလှန်ပစ်ခတ်မှုများကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့၏ မိတ်ဖက်လည်း ဖြစ်ကြောင်းသိရသည်။နယ်စပ်ဖြတ်ကျော မငြိမ်သက်မှုများကြောင့် ဒေသတွင်းပဋိပက္ခဖြစ်ပွားလာမည်ကို စိုးရိမ်မှု များလည်းရှိလာခဲ့ပြီး အနောက်အုပ်စုနိုင်ငံများ၏ သံတမန်များသည် နိုင်ငံရေးနည်းလမ်းများကို ဆွေးနွေးရန် အတွက် ဘေရွတ်မြို့သို့ ရောက်ရှိလာခဲ့ကြကြောင်းလည်း သိရသည်။
အဆိုပါနယ်စပ်ဖြတ်ကျော် ပဋိပက္ခများတိုးမြင့်လာခြင်းသည် အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံလုံးအတွက် ကပ်ဆိုး တစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati နှင့် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည့် Annalena Baerbock က ပြောကြားခဲ့သည်။
၎င်းက "အခြားစစ်မျက်နှာတစ်ခုဖွင့်ဖို့ နဲ့ ဒေသတွင်းစစ်ပွဲဖြစ်ပွားလာအောင် လုပ်ဆောင်ဖို့အတွက် ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို ဥပမာတစ်ခုအဖြစ် အသုံးမပြုသင့်ပါဘူး" ဟု ပြောခဲ့သည်။
ဂျာမနီအစိုးရက ကတိပြုထားသည့် ယူရို(၁၅)သန်းကို လက်ဘနွန်တပ်ဖွဲ့များအတွက် လောင်စာဆီဝယ်ယူမှုများ အပြင် နယ်ခြားစောင့်ကြည့်ရေးလေ့ကျင့်မှုကဲ့သို့သောအစီအစဉ်များအတွက်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း Annalena Baerbock က ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဓိကရုဏ်းများအတွင်း အနည်းဆုံးလူ(၁၅)ဦးသေဆုံးခဲ့ပြီးနောက် အကြမ်းဖက်မှုများကို ဖြိုခွင်းသွားမည်ဖြစ်ကြောင်း ပါပူဝါနယူးဂီနီအစိုးရ ကတိပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ