နှစ်အချို့ကြာပြီးနောက် ရန်ကုန်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ပျားဖွတ်ပြိုင်ပွဲနှင့် လက်ဝှေ့ပွဲပြိုင်ပွဲကို ပြန်လည်ထည့်သွင်းပြုလုပ်ခဲ့၊ ပွဲတော်သို့ လာရောက်သူ အလွန်များပြား
သုတကျော်/Pearl (NSS) - ဇန်နဝါရီ ၁၁
နှစ်အချို့ကြာပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်အမျိုး သားနှစ်သစ်ကူးပွဲတော်တွင် ပျားဖွတ်ပြိုင်ပွဲ နှင့် လက်ဝှေ့ပြိုင်ပွဲကို ပြန်လည်ထည့်သွင်းပြုလုပ်ခဲ့ကာ ပွဲတော်သို့ လာရောက်သူ အလွန်များပြားကြောင်း ကရင်စာပေ နှင့် ယဉ်ကျေးမှု အသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ မန်းသန်းဝင်းဦး၏ NSS သတင်းဌာနသို့ ပြောကြားချက် နှင့် NSS သတင်းဌာန မြင်တွေ့ခဲ့ရသည့် မြေပြင် အခြေအနေအရ သိရသည်။
ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) ၊ ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျွေးရွာတွင် ကရင်နှစ်သစ်ကူးပွဲတော်ကို နံနက်ပိုင်း (၇) နာရီကျော်ခန့်မှ စတင်ကာ ညနေပိုင်းအထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပျားဖွတ်ပြိုင်ပွဲက ၂၀၁၉ လောက်အထိက အင်းစိန် အာလိန် ၅ ဆင့်ဘုရားမှာ ကရင်နှစ်သစ်ကူး ကျင်းပရေး ဗဟိုကော်မတီက တောက်လျှောက် ကျင်းပခဲ့ပါတယ်။ နှစ် ဆယ်နဲ့ချီ ကျင်းပခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၀ နောက်ပိုင်း ကိုဗစ် နဲ့ အပြောင်းအလဲတွေကြောင့် မကျင်းပဖြစ်ပဲ အခုမှပဲ ပြန်ပြီး ကျင်းပဖြစ်တာပါ။ ပြန်ကျင်းပဖြစ်တဲ့အခါ ဖေ့စ်ဘွတ်ခ်လောက်မှာပဲ ကြေညာတဲ့အခါမှာ တော်တော်များများက တုံ့ပြန်မှု၊ မေးမြန်းမှု၊ စုံစမ်းမှု တော်တော်များပါတယ်။ စိတ်ဝင်းစားကြတယ်။ တချို့က မသိလည်း မသိတော့ ဘယ်လိုမျိုးလဲဆိုတာ သိချင်တဲ့ သဘောမျိုးလည်း ရှိပါတယ်။ လက်ဝှေ့ပွဲလည်း ၄ နှစ်လောက်အကြာမှ ပြန် ထည့်သွင်းကျင်းပတာ ဖြစ်ပါတယ်” ဟု မန်းသန်းဝင်းဦးက ပြောသည်။
ပျားဖွတ်ပြိုင်ပွဲအတွက် အဖွဲ့ ၃ ဖွဲ့ ဝင်ပြိုင်ခဲ့ကာ လက်ဝှေ့ပြိုင်ပွဲ တွင် မျိုးဆက်သစ်လက်ဝှေ့သမားများ၊ ဝါသနာရှင်များပါဝင် ယှဉ်ပြိုင်ခဲ့ကာ လက်ဝှေ့ပွဲကိုလည်း စိတ်ဝင်စားသူ အထူးများပြားခဲ့ကြောင်း တွေ့မြင်ရသည်။
“ဒီနှစ် တိုင်းရင်းသားကျေးရွာမှာလုပ်တာက ပြီးခဲ့တဲ့အချိန်ထက်စာရင် ဒီနှစ်မှာ အခြားနေရာမှာလည်း မလုပ်နိုင်တဲ့ အခါကျတော့ ဒီမှာကလည်း လုံခြုံရေးအရလည်း ကောင်းတဲ့ သဘောရှိတော့ ပိုပြီး စည်းကားတဲ့သဘောဖြစ်တယ်”ဟု မန်းသန်းဝင်းဦးက ပြောသည်။
ယခုနှစ်တွင်မူ အင်းစိန်မြို့နယ်ရှိ အာလိန် ၅ ဆင့်ဘုရားတွင်အလံတင်အခမ်းအနား နှင့် ဟောပြောပွဲကိုသာ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသမ္မတဇီလန်စကီး ယခုနှစ်အတွင်း ဖြုတ်ချခံရနိုင်ဖွယ်ရှိနေကြောင်း အတိုက်အခံပါတီခေါင်းဆောင်ပြော
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ