မင်းပြားတွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ဖုန်းလိုင်းအချို့လည်း ပြတ်တောက်နေ
သုတကျော် (NSS) - ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ တပ်မတော် နှင့် AA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေပြီး လက်ရှိတွင် ဖုန်းလိုင်းအချို့လည်း ပြတ်တောက်နေကြောင်း မြို့ခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ယနေ့ နံနက်ပိုင်း ၅ နာရီ အချိန်ခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားသည့် ပစ်ခတ်သံများကို ကြားရခြင်းဖြစ်ပြီး ပြည်သူများအကြားတွင် စိုးရိမ်မှုများရှိနေကာ ရှောင်တိမ်းနေကြရကြောင်း မင်းပြားမြို့ခံတစ်ဦးကို ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်း ၈ နာရီခွဲ အချိန်တွင် မေးမြန်းထားချက်အရ သိရသည်။
ယင်းနောက် ယနေ့ ၊ နေ့လည် ၁၂ နာရီနောက်ပိုင်းတွင် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် မင်းပြားမြို့၏ နောက်ဆက်တွဲ အခြေအနေများကို မေးမြန်းရန်အတွက် အထက်ပါ ဒေသခံနှင့် ဆက်သွယ်၍ မရသေးပါ။
“မနက် ၅ နာရီကျော်လောက်မှာ စပြီး သေနတ်သံတွေ ကြားရတာ။ အခုချိန် ပစ်နေတယ်။ ကြားရတာက တောင်ဘက် (ကျိန်းတောင်) ဘက်မှာ ပစ်နေတာ။ ပစ်ခတ်သံတွေ များတယ်။ ကျွန် တော်တို့လည်း တိမ်းရှောင်ဖို့ လုပ်နေတယ်။ မိသားစုတွေလည်း စိုးရိမ်နေကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
လက်ရှိ မင်းပြားမြို့တွင်ဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ်သက်၍ အခြားသောမင်းပြားမြို့နယ်အတွင်းက ဒေသခံတစ်ဦးကို အခြေအနေဆက်သွယ်မေးမြန်းရာ မင်းပြားမြို့ဘက်တွင် မီးခိုးများ တက်နေသည်ကို တွေ့ရကြောင်း ဖြေကြားခဲ့သည်။
လတ်တလောသိရသည့် မြေပြင်သတင်းအချက်အလက်များအရ လက်နက်ကြီးကျသည့်အတွက် အရပ်သားထိခိုက်မှုအချို့လည်း ရှိနေကြောင်း သိရသည်။
ဒေသတွင်း သတင်းမီဒီယာများတွင် ရေးသားထားချက်အရ တပ်မတော်၏ တပ်ရင်းများကို AA က စတင်တိုက်ခိုက်ခြင်းကြောင့် မင်းပြားမြို့တွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရပြီး တိုက်ပွဲ ၏ နောက်ဆက်တွဲ မြေပြင် အခြေအနေများကို သိရခြင်း မရှိသေးပေ။
ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်)ကလည်း ပလက်ဝမြို့ ပတ်ဝန်းကျင်းတွင် တပ်မတော် နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ပလက်ဝမြို့နယ် နှင့် ကျောက်တော်မြို့နယ်အစပ် မီးဝဗျူဟာကို AA က တိုက်ခိုက်နေပြီး အဆိုပါနေ့၌ပင် မြောက်ဦးမြို့နယ်ရှိ သကျမာရ်အောင်ဘုရားအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ဇန်နဝါရီလ ၈ ရက်ကလည်း ကျောက်ဖြူမြို့နယ်ရှိ တပ်မတော်(ရေ)၏ ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို AA က တိုက်ခိုက်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံဘက်ခြမ်းသို့ မူးယစ်ဆေးဝါးများမှောင်ခိုတင်သွင်းဖို့ ကြိုးပမ်းတဲ့အုပ်စုနဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ