ထိုင်းနိုင်ငံဘက်ခြမ်းသို့ မူးယစ်ဆေးဝါးများမှောင်ခိုတင်သွင်းဖို့ ကြိုးပမ်းတဲ့အုပ်စုနဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁ဝ
ထိုင်း နဲ့ မြန်မာနယ်စပ်ဒေသမှာ ထိုင်းနိုင်ငံဘက်ခြမ်းကို မူးယစ်ဆေးဝါးများမှောင်ခိုတင်သွင်းဖို့ ကြိုးပမ်းတဲ့အုပ်စုနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့ရက်ပိုင်းက အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ မူးယစ် ဆေးဝါးမှောင်ခိုတင်သွင်းဖို့ ကြိုးပမ်းသူ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် Mae Chan အရပ်ဒေသကိုဖြတ်သန်းပြီး မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းမယ် ဆိုတဲ့သတင်းကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ကြိုတင်စောင့်ဆိုင်းနေခဲ့ကြောင်း သိရပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ စောင့်ဆိုင်းနေချိန်အတွင်း မူးယစ်ဆေးဝါးတွေကို ယူဆောင်လာတဲ့လူ ၁ဝ ဦးပါတဲ့အုပ်စု တစ်စုကိုတွေ့မြင်ခဲ့ရာ စုံစမ်းစစ်ဆေးဖို့ ရပ်တန့်ခိုင်းချိန်အတွင်း အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ် ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာသူအုပ်စုဟာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေကို စတင်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲဖြစ်ပွားချိန်မှာ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းဖို့ကြိုးပမ်းသူအုပ်စုထဲက နှစ်ဦး သေဆုံးပြီး အခြားသူ ၈ ဦးဟာ မူးယစ်ဆေးဝါးတွေထည့်ထားတဲ့ အိတ်ကြီး ၈ ခုကိုထားကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း ထိုင်းစစ်သားတွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ဒဏ်ရာရတာမျိုးမရှိကြောင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းဟာ လာအို၊ မြန်မာနိုင်ငံတို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နေရာဖြစ်နေပြီး မူးယစ်ဆေးဝါးတွေ မကြာခဏ တင်သွင်းဖို့ ကြိုးပမ်းခံရတဲ့အရပ်ဒေသဖြစ်နေကြောင်း သိရပါတယ်။
ထိုင်းအာဏာပိုင်များက စိတ်ကြွဆေးပြားများနဲ့ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှာ ထုတ်လုပ်နေပြီး အခြားအိမ်နီးချင်းနိုင်ငံတွေကို မဖြန့်ခင် ထိုင်းနိုင်ငံကို ကနဦးဝင်ရောက်ဖြတ်သန်းခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KK Park ဒေသရှိ ကျားဖြန့်ကိစ္စရပ်များကို KNU က ထိုင်း၊ တရုတ်တို့နှင့် ပူးပေါင်းနှိမ်နင်းမည်ဆိုသည်မှာ လိမ်လည်ခြင်းဖြစ်ဟု နစကပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း