ဖြစ်နိုင်ခြေရှိသော စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားကြရန် ဆွီဒင်စစ်ဘက် တိုက်တွန်း
Pika (NSS) - ဇန်နဝါရှီ ၉
ရုရှားနိုင်ငံနှင့် တင်းမာမှုများမြင့်တက်နေခြင်းကြောင့် ဖြစ်နိုင်ခြေရှိသော စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန် ဆွီဒင်ထိပ်တန်းအရာရှိများက ၎င်းတို့၏ ပြည်သူများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဆွီဒင်ဝန်ကြီးများသည် ၎င်းတို့၏ ကြေညာချက်ကို Salen မြူနီစီပယ်တွင် ရက်ပေါင်းများစွာကျင်းပနေသော Folk och Forsvar အမျိုးသားညီလာခံတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရရန် မျှော်မှန်းထားသော ဆွီဒင်နိုင်ငံ၏ ရည်မှန်းချက်မှာ နှစ်ပေါင်း (၂ဝဝ) ကျော်အတွင်း ဆွီဒင်လုံခြုံရေးမူဝါဒတွင် အကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Tobias Billstrom က ချီးကျူးခဲ့သည်။
Tobias Billstrom က "မကြာမီအချိန်အတွင်း ရုရှားဟာ ဆွီဒင်နဲ့ ဥရောပရဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ ဆွီဒင်နိုင်ငံဟာ လက်တွေ့ကျကျယူဆမှုတွေ လုပ်ဆောင်ပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားရပါမယ်" ဟု ပြောခဲ့သည်။
ဆွီဒင်ကာကွယ်ရေးဝန်ကြီး Pal Jonson က "စစ်ပွဲက ကျွန်တော်တို့ဆီကို ရောက်လာနိုင်ပါတယ်။ ရုရှားနဲ့ဖြစ်ပွား နေတဲ့ပဋိပက္ခအတွင်းမှာ ယူကရိန်းဟာ ဥရောပရဲ့ ဒိုင်းကာတစ်ခုအဖြစ် လုပ်ဆောင်နေတာပါ" ဟု ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် ဆွီဒင် နိုင်ငံသည် နေတိုးအဖွဲ့တွင် ပါဝင်ရန်အတွက် ၎င်း၏ ရာစုနှစ်များစွာကြာ ဘက်မလိုက်မူဝါဒကို စွန့်လွှတ်ခဲ့ကြောင်း သိရသည်။
ဆွီဒင်၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဖင်လန်နိုင်ငံသည် အလားတူပုံစံအတိုင်းလုပ်ဆောင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ် ဧပြီလတွင် နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ၏ အနောက်ဘက်နယ်နမိတ်များသို့ နေတိုးအဖွဲ့၏ နယ်မြေချဲ့ထွင်မှုများအပြင် လာမည့်အနာဂတ်တွင် ယူကရိန်း၏ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ကို ပယ်ချရန် ငြင်းဆန်ခြင်း သည် လက်ရှိပဋိပက္ခဆက်လက်ဖြစ်ပွားနေခြင်း၏ အဓိကအကြောင်းအရင်းများထဲမှတစ်ခုဖြစ်ကြောင်း ရုရှားဖက် က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။ နေတိုးအဖွဲ့သည် ၎င်း၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခု အဖြစ် ရုရှားအစိုးရက ရှုမြင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၁)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ