အမေရိကန်နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၁)ဦး ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - ဇန်နဝါရီ ၉
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၂၁)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Fort Worth မီးသတ်ဌာန (FWFD) က ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုမှာ ဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုတစ်ခုဟု သံသယရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ သည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူတစ်ဦးပျောက်ဆုံးနေကြောင်း အစောပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့ သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ(၈)ရက် ညနေ(၃)နာရီ ၃ဝ မိနစ် အချိန်တွင် Fort Worth မြို့လယ်ရှိ Sandman Signature ဟိုတယ် အတွင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဆိုသည့် ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါအဆောက်အဦးမျက်နှာစာ၏ အနည်းဆုံးအထပ် နှစ်ထပ်သည် ပေါက်ကွဲသွားခဲ့ပြီး လမ်းမပေါ် နှင့် ကားရပ်နားရာနေရာများသို့ အပျက်အစီးများ လွင့်စင်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အဆောက်အဦးအတွင်း ဓါတ်ငွေ့ယိုစိမ့်မှုများဖြစ်ပွားခဲ့သော်လည်း အဆိုပါယိုစိမ့်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဟုတ်/မဟုတ် ဆိုသည့်အချက်ကိုပြောရန် စောလွန်းသေးကြောင်း FWFD ပြောရေးဆိုခွင့်ရှိသူ Craig Trojacek က သတင်းထောက်များကို ပြောကြားခဲ့သည်။
Craig Trojacek က "မြို့လယ်မှာ ဓါတ်ငွေ့နံ့တွေတော့ ရနေပါတယ်။ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်တာ လား ဒါမှမဟုတ် မီးလောင်မှုကြောင့် ပေါက်ကွဲမှုဖြစ်တာလားဆိုတာကိုတော့ ကျွန်တော်တို့ အသေအချာမပြောနိုင် သေးပါဘူး။ ဒီပေါက်ကွဲမှုဘာကြောင့်ဖြစ်ပွားရတယ်ဆိုတာကို ကျွန်တော်တို့လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အချိန်အတွင်း အခန်း(၂၆)ခန်းမှာ ပိတ်မိနေတဲ့ လူအများအပြားကို မြေအောက်ခန်းကနေပြီး အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးသည် ဟိုတယ်အတွင်းရှိ Musume စားသောက်ဆိုင်တွင် အလုပ်လုပ် ကိုင်ကြသူများဖြစ်ကြောင်း သိရသည်။ Musume စားသောက်ဆိုင်ပူးတွဲတည်ထောင်သူ Josh Babb က "ကံကောင်းတာက ပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်မှာ စားသောက်ဆိုင်က ပိတ်ထားခဲ့တာပါ။ ဒါကြောင့် ပေါက်ကွဲတဲ့ အချိန်မှာ လာရောက်စားသုံးသူတွေနဲ့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေမရှိတာပါ" ဟု ပြောခဲ့သည်။
အခန်းပေါင်း(၂၄၅)ခန်း ပါဝင်သော ဟိုတယ်ကို ၁၉၂ဝ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သမိုင်းဝင် နေရာများ၏ စာရင်းတွင် ဖော်ပြထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီစက်လုပ်ငန်းရှင်များကို တစ်နှစ်လျှင် အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ကျပ်သိန်း(၃၀၀၀)အထိ ထုတ်ချေးပေးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း