ယူ ၁၇ လိဂ်ပြိုင်ပွဲမှ အသက်ကန့်သတ်ချက်ကျော်လွန်သည့် ကစားသမားများကို ထုတ်ပယ်ကာ အနိုင်ရလဒ်များကို ဖျက်သိမ်းခဲ့
သန့်ဇင် (NSS) - ဇန်နဝါရီ ၆
FIFA-MFF U17 Youth League 2023/2024 ယူ ၁၇ လိဂ်ပြိုင်ပွဲတွင် အသက်ကန့်သတ်ချက်ကျော်လွန်နေသည့် ကစားသမား(၄)ဦးကို ထုတ်ပယ်ကာ အနိုင်ရလဒ်များကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အသိပေးထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဇန်နဝါရီလ ၄ ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
ဗဟန်းအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း(၁)တို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှ စတင်ကျင်းပနေသည့် FIFA-MFF U17 Youth League 2023/2024 ယူ ၁၇ လိဂ်ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုကျရှုံးသည့် ကစားသမား(၄)ဦးကို ပါဝင်ကစားခွင့်ပယ်ဖျက်ခြင်းနှင့် အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အသက်စိစစ်ရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပြိုင်ပွဲဝင် ကစားသမား မှတ်ပုံတင် စာရွက်စာတမ်းများ၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီး အစီရင်ခံစာများကို ကြည့်ရှုသုံးသပ်ပြီး သံသယဖြစ်ဖွယ် ကစားသမားများ၏ ဆေးစစ်မှုရလဒ်များအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် အထက်ပါကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အရေးယူခံရသည့် ကစားသမား(၄)ဦးသည် Shwe Pyi Thar FC မှ (၁)ဦး၊ Phar Si Myay FC မှ (၁)ဦး၊ Burmese Youth FC မှ (၁)ဦး နှင့် Artharwady FC မှ(၁)ဦးတို့ဖြစ်ကြောင်း သိရသည်။
“အသက်(၁၇)နှစ်ထက်ကြီးတဲ့ ကစားသမားတွေကို ထုတ်ပယ်တာပါ။ အရေးယူခံရရင်လည်း အဲဒီအသင်းကပဲကုန်ကျစရိတ်ကို တာဝန်ယူပြီးအရေးယူခံရတာပါ။ အသင်းလိုက်အရေးယူမှုကိုပဲ ပိုပြီးလုပ်ဆောင်ပါတယ်။ ခုချိန်မှာတော့ ယူ ၁၇ မှာပဲ အရေးယူတာ ရှိပါတယ် ”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယူ ၁၇ လိဂ် ပြိုင်ပွဲ ပထမပတ်ပွဲစဉ် ၁၊ ၂ တို့မှ Phar Si Myay FC နှင့် Artharwady FC တို့၏ ပွဲစဉ်အနိုင်ရလဒ်များအား ပြန်လည်ပယ်ဖျက်သိမ်းလိုက်ကြောင်းလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် သက်ဆိုင်ရာ အသင်းအုပ်ချုပ်ရေးနည်းပြအဖွဲ့ဝင်များကို ယခုကဲ့သို့ ဖြစ်ရပ်မျိုးမဖြစ်ပွားစေရေးအတွက် သတိပေးထားကြောင်း MFF က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှကျင်းပသော လူငယ်ပြိုင်ပွဲများတွင် မရိုးသားစွာဖြင့် အသက်မှန်ကန်မှုမရှိဘဲ ဝင်ရောက်ယှဉ်ပြိုင် ကစားမှုများ စစ် ဆေးတွေ့ရှိပါက ပြင်းထန်စွာ အရေးယူသွားဖြစ်ကြောင်းလည်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၅)နှစ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါင်း (၁၄၀၀၀၀) ကျော် ပျက်စီးဆုံးရှုံး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း