ရုရှားနိုင်ငံသားများအနေဖြင့် အင်္ဂလိပ်ဘာသာစကားကို မစွန့်လွှတ်သင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော
Pika (NSS) - ဇန်နဝါရီ ၅
အင်္ဂလိပ်ဘာသာစကားသည် အသုံးဝင်သော ဘာသာစကားတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံသားများသည် အနောက်အုပ်စုကိုနှောင့်ယှက်နိုင်ရန်အတွက်ဖြင့် အင်္ဂလိပ်ဘာသာစကားကို မစွန့်လွှတ်သင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံသားများသည် ယူကရိန်းက ရုရှားဘာသာစကားကို စွန့်လွှတ်ခဲ့သည့်အတိုင်း တစ်ပုံစံတည်း လုပ်ဆောင်ရန် မလိုအပ်ကြောင်း ဆာဂေးလာရော့ဗ်က ပြောခဲ့သည်။ ဆာဂေးလာရော့ဗ်သည် ‘Wishing Tree’ ပရဟိတ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် Lugansk မြို့မှ အသက်(၁၁)နှစ်အရွယ် မိန်းကလေး Anastasia နှင့် စကားပြောဆိုမှုများ လုပ်ဆောင်ခဲ့ချိန်တွင် ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
Anastasia က ၎င်းသည် အင်္ဂလိပ်ဘာသာစကားကိုလေ့လာသင်ယူနေသည်ဟု ဆာဂေးလာရော့ဗ်ကို ပြောခဲ့ကြောင်း သိရသည်။ ဆာဂေးလာရော့ဗ်သည် Anastasia ကို ချီးကျူးစကားများပြောခဲ့ပြီး အင်္ဂလိပ် ဘာသာစကားမှာ လေ့လာသင်ယူရန် ကောင်းမွန်သော ဘာသာစကားတစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။
"ကျွန်တော်တို့ကို တစ်ကမ္ဘာလုံးက ဆန့်ကျင်နေတဲ့အတွက် အင်္ဂလိပ်ဘာသာစကားကို စွန့်လွှတ်သင့်တယ်လို့ ပြောတဲ့လူတွေက မှန်တယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါက ရူးသွပ်မှုတစ်ခုလို့ပဲ ကျွန်တော် ထင်ပါတယ်။ ဘာသာစကားနဲ့ အဲဒါတွေနဲ့က ဘာမှမဆိုင်ပါဘူး။ ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားဘာသာစကား၊ ရုရှားပညာရေး နဲ့ ရုရှားမီဒီယာတွေကို သူတို့နိုင်ငံအတွင်းမှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး" ဟု ဆာဂေးလာရော့ဗ်က ပြောခဲ့သည်။
ရုရှားလွှတ်တော်အမတ်အချို့သည် ပညာရေးအဆင့်အားလုံးတွင် အင်္ဂလိပ်ဘာသာစကားအသုံးပြုမှုကို လျှော့ချရန် စိတ်ကူးရှိနေကြကြောင်းလည်း သိရသည်။ ကျောင်းများသည် အင်္ဂလိပ်ဘာသာစကားကို အဓိကသင်ကြားပေး နေကြသောကြောင့် အင်္ဂလိပ်ဘာသာစကားမှာ အဓိကနိုင်ငံတကာ ဘာသာစကားတစ်ခုဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း အာဏာရ 'United Russia' ပါတီမှ လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Sultan Khamzaev က ပြီးခဲ့သည့် ဧပြီလတွင် ပြောခဲ့သည်။
၎င်းက "ရုရှားပညာရေးစနစ်မှာ အနောက်အုပ်စုကို လိုလားတဲ့ပုံစံကနေ ကျွန်တော်တို့ ခွဲထွက်ဖို့လိုအပ်ပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်၊ အိန္ဒိယ၊ အာဖရိက၊ အာရပ်နိုင်ငံတွေနဲ့ လက်တင်အမေရိကတို့ရဲ့ဘာသာစကားတွေ ပါဝင်လာ ချိန်မှာ ရုရှားကလေးငယ်တွေကို အင်္ဂလိပ်စာသင်ဖို့ အတင်းအကြပ်စေခိုင်းတာဟာ အဓိပ္ပါယ်မရှိပါဘူး" ဟု ပြောခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယားရောက် မြန်မာများအနေဖြင့် မကြာမီရက်ပိုင်းအတွင်း ဝင်ငွေခွန်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း